အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်ထဲက နေအိမ် ၂၅၀ ကျော် ဖယ်ရှားခံရ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်ထဲမှာ ဆောက်လုပ်ထားတဲ့ နေအိမ် ၂၅၃ ကျော်ဟာ မီးရထားဌာနပိုင်မြေထဲ ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၁၀ ရက်က ဖယ်ရှားပေးလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အခု ဖျက်ပေးလိုက်ရတဲ့နေအိမ်တွေထဲ ဂရန်အမည်ပေါက်နဲ့ နေထိုင်ကြတာရှိသလို ကျူးကျော်နေထိုင်ကြတာလည်း ရှိတယ်လို့ အောင်မြေသာစံမြို့နယ် အိုးဘို ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အိုးဘိုထဲကဖျက်လိုက်ရတဲ့နေအိမ်တွေမှာ ဘိုးဘွားအစဉ်အဆက် နေလာကြတဲ့အိမ်တွေ ပါသလို ဂရန်အမည် ပေါက်အိမ်တွေလည်းပါတယ်။ တိုက်အိမ်တွေလည်းပါတယ်။ မနေ့ကစပြီး ဖျက်ပေးကြရတာပေါ့။ သယ်တာ ပြောင်းတာကတော့ လူမှုကူညီရေးအဖွဲ့ တွေကလုပ်ပေးတယ်။ တချို့ကျတော့လည်း ဖျက်ပြီးတော့ ဒီအတိုင်းပဲ နေရာမှာ စုပုံ ထားကြတယ်”

ဒေသခံတွေဟာ အိမ်တွေဖယ်ရှားပေးလိုက်ရပြီးနောက် တခြားနေရာတွေကို ပြောင်းရွှေ့ နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ မန္တလေးတိုင်း စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကတော့ အဲဒီအိမ်တွေ ဟာ ကျူးကျော် နေထိုင်သူတွေ ဖြစ်လို့ ဖယ်ရှားတာဖြစ်ပြီး ဂရန်အမည်ပေါက် ရှိတယ်ဆိုရင် သက်ဆိုင်ရာကို တင်ပြနိုင်တယ်လို့ RFA ကို ပြောပါတယ်။

အောင်မြေသာစံ ခရိုင်ထဲက အိုးဘို၊ သူရဲဈေး၊ ဘူတာကြားမှာရှိတဲ့ မြန်မာ့မီးရထားဌာနပိုင် နယ်မြေအတွင်းမှာ ကျူးကျော်နေထိုင်တဲ့သူတွေကို နေအိမ်တွေဖျက်ပေးဖို့ နိုဝင်ဘာ ၉ ရက် မနေ့က မြန်မာ့မီးရထားဌာနက အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

အဲဒီအကြောင်းကြားစာထဲမှာတော့ ဘယ်နေ့နောက်ဆုံးထား ဖျက်ပေးရမယ်ဆိုတာ မပါဝင် ပေမယ့် အမြန်ဆုံး ဖယ်ရှားပေးဖို့နဲ့ မဖယ်ပေးရင် တည်ဆဲဥပဒေတွေနဲ့ ဖယ်ရှားရှင်းလင်း မယ်လို့ ဖော်ပြထားပါတယ်။