ရန်ကုန်မြစ်အတွင်း ရပ်ထားတဲ့ စက်သုံးဆီတင် သင်္ဘောတစ်စီးဟာ နိုဝင်ဘာလ ၁၀ ရက် မနေ့က နေ့လယ် ၂ ခွဲဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့လို့ သင်္ဘောပေါ်က လူလေးဦး မီးလောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ ရှင်သန်ရေး ကူညီမှုအသင်းက RFA ကို ပြောပါတယ်။
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ လင်းစဒေါင်းတံတားအနီး၊ ရန်ကုန်မြစ်အတွင်း ရပ်ထားတဲ့ သင်္ဘောတစ်စီး မီးလောင်ခဲ့တာပါ။ သင်္ဘောမီးလောင်မှုကို တစ်နာရီကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
မီးလောင်တဲ့အချိန်မှာ သင်္ဘောပေါ်က လူတွေ ရေထဲခုန်ချခဲ့ကြပေမယ့် မီးလောင် ဒဏ်ရာတွေ ရခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းဝင် တစ်ဦးက ပြောပါတယ်။
“ပေါက်ကွဲပြီးမီးလောင်တဲ့အချိန်မှာ အဲဒီသင်္ဘောပေါ်က လူတွေက ရေထဲခုန်ချကြတာ။ အနားမှာရှိတဲ့ စက်လှေတွေက ဝိုင်းကယ်ပေးသွားတာပေါ့။ လူကတော့ လေးဦးပါ။ ကျနော်တို့ ရှင်သန်ရေးအသင်းက တစ်ယောက်ပို့ခဲ့တယ်။ နောက်သုံးယောက်ကိုကတော့ တခြားအသင်းတွေက ပို့ပေးခဲ့ပါတယ်ဗျ ”
မီးလောင်ဒဏ်ရာရသူ လေးဦးဟာ ရန်ကုန်ဆေးရုံးကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သူက ပြောပါတယ်။ ဒီသင်္ဘောဟာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို သိနိုင်ဖို့ ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့ကို ဒီကနေ့ RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုဖို့ ငြင်းဆန်ပါတယ်။