စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးတိုက်နယ်အုပ်စု၊ ဆင်ကုန်တိုင်ရွာက အသက် ၁၂ နှစ်အရွယ် မနှင်းအိလွင်ဟာ အောက်တိုဘာ ၂၃ ရက် ဒီကနေ့မနက် ၈ နာရီမှာ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ် အသက် ရှစ်နှစ်အရွယ် မဇင်မာဦးလည်း ဘယ်ဘက်နားရွက်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီမြစ်ထဲက စစ်သင်္ဘောကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဆင်ကုန်တိုင်ရွာ ထဲကို လက်နက်ကြီးကျည် ကျခဲ့တာလို့ အမည်မဖော်လိုတဲ့ ဆင်ကုန်တိုင်ရွာဒေသခံ တစ်ဦးက ပြောပါတယ်။
"စစ်သင်္ဘောတွေ မြစ်ထဲကနေသွားတာနဲ့ မြစ်ကြောင်း တစ်လျှောက်က ရွာတွေကို ပစ်တာ။ ကျမတို့ဆို သူတို့လာမယ်သတင်းကြားတာနဲ့ ရှောင်တာပေါ့။ အခုအပစ်ခံရတဲ့ မိသားစုကျတော့ မရှောင်လိုက်ဘူး။ သင်္ဘောတွေ သွားပြီအထင်နဲ့ အပြင်ထွက်ကြည့်တာ နဲ့ ဟိုကပစ်တာနဲ့ ကွက်တိကျပြီး ထိသွားတာပေါ့"
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီတပ်တွေဟာ ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ တပ်ပြောင်းရွှေ့တာတွေကို ဧရာဝတီ မြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေကိုအသုံးပြုပြီး ဆောင်ရွက်ပါတယ်။
ဒီလိုဆောင်ရွက်တဲ့အခါ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာ ကြောင့် အခုနောက်ပိုင်း စစ်ကောင်စီသင်္ဘောတွေပေါ်ကနေ မြစ်ကြောင်းတစ်လျှောက် ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။