စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ ကျေးရွာအုပ်စု၊ ဇီးကနားရွာကို နိုဝင်ဘာ ၃ ရက် မနေ့က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မိသားစု တစ်စုတည်းကတင် အသက် ၁၃ နှစ်အရွယ် မောင်ပိုင်ဆက်မှူးနဲ့ အသက် ၇၀ နီးပါးအရွယ် အဘွားဖြစ်သူ ဒေါ်ဝင်းတို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ် အသက် ခုနစ်နစ် အရွယ်မိန်းကလေး တစ်ဦးနဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးလည်း ဦးခေါင်းနဲ့ ခြေလက်တွေမှာ ဒဏ်ရာအနည်းငယ်စီ ရခဲ့ပါတယ်။
မိသားစု လေးဦးထဲကမှ ဦးခေါင်းဒဏ်ရာရခဲ့တဲ့ မောင်ပိုင်ဆက်မှူးက ချက်ချင်းအသက်ဆုံး ခဲ့ပြီး ဝမ်းဗိုက်ကိုထိမှန် ဒဏ်ရာရခဲ့တဲ့ အဘွားဖြစ်သူ ဒေါ်ဝင်းကတော့ ဒီနေ့မနက် ၇ နာရီလောက်မှာ ကွယ်လွန်သွားတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့တုန်းက ကိုးတောင်ဘို့ ကျေးရွာထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ပစ်လို့ အနောက်ဘက်ကျေးရွာဖြစ်တဲ့ ဇီးကနားရွာမှာရှိတဲ့ နေအိမ်ပေါ်ကျတာ။ တစ်မိသားစုလုံး ထိခိုက်ဒဏ်ရာရတယ်။ အသက် ၁၃ နှစ်အရွယ် မောင်ပိုင်ဆက်မှူးက ချက်ချင်းဆုံးသွားတယ်။ အသက် ၆၈ နှစ်အရွယ် ဒေါ်ဝင်းက ဗိုက်ထိသွားပြီး ဒီမနက်မှာ ထပ်ဆုံးသွားတယ်”
အဲဒီနေ့တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့က ရွာအနီးက တောထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲအနည်းငယ် ဖြစ်ခဲ့တယ် လို့လည်း သူက ဆက်ပြောပါတယ်။
ကိုးတောင်ဘို့ကျေးရွာအုပ်စုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က အနီးအနားကျေးရွာ တွေကို စစ်ကြောင်းထိုးပြီးတဲ့နောက် ရွာသား ၁၀ ဦးခန့်ကို သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြု နိုင်ခြင်း မရှိပါဘူး။
ကိုးတောင်ဘို့ကျေးရွာအုပ်စုအတွင်းက အခြေအနေတွေနဲ့ပတ်သက်ပြီး ထပ်မံသိရှိနိုင်ဖို့ အတွက် စစ်ကောင်စီပြောခွင့်ရ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP - Myanmar) ရဲ့ အောက်တိုဘာ ၁၁ ရက်ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီး ၂၁ လအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၁,၅၁၂ ဦး သေဆုံးခဲ့ပါတယ်။