စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွေးရွာနဲ့ ကြေးမုံရွာတွေကို စစ်ကောင်စီတပ်သားတွေ မနေ့ကစ ဝင်ရောက်လာပြီး ဒေသခံတစ်ရာလောက် ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၅ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
မုံရွေး၊ ကြေးမုံရွာတွေဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၄ ရက် မနေ့မနက် ၅ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် မနက် ၉ နာရီလောက်မှာပဲ ရွာတွေကို ဝင်ရောက်စီးနင်းခဲ့ တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းဟာ အောက်တိုဘာလ ၅ ရက်ဒီနေ့ထိ အဲဒီနှစ်ရွာမှာ ဆက်လက်တပ်စွဲထားပြီး နေအိမ်နှစ်လုံးကိုလည်း မီးရှို့ထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က အိမ်တစ်လုံး မီးရှို့တယ်။ အခုလောလောဆယ် အိမ်တစ်လုံး ရှို့နေတယ်။ မုံရွေး၊ ကြေးမုံဆိုတာက တဆက်တည်းဖြစ်သွားတာ။ ရွာက တောင်မြောက်အလျားလိုက်ပဲ။ မနေ့က ကြေးမုံရွာက အရှို့ခံရတာ။ အခုက မုံရွေး နတ်စင်ရဲ့ အနောက်ဘက်မှာ တစ်လုံးအရှို့ခံရတယ်။ ဖမ်းထားတဲ့လူတွေလည်း တချို့တစ်ဝက် မလွတ်သေးဘူးလို့ ပြောတယ်။ ဖုန်းတွေလည်း ပိတ်ထားတော့ အဆက်အသွယ် မရဘူး”
ကြေးမုံရွာ ဘုန်းကြီးကျောင်းမှာ ဒေသခံတွေကို စုပေါင်းဖမ်းဆီးထားပြီး ရိုက်နှက်စစ်ဆေး တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မုံရွေး၊ ကြေးမုံရွာဟာ မုံရွာမြို့ကနေ ဆယ်မိုင်ခန့်အကွာ မန္တလေး-မုံရွာကားလမ်းမကြီး ဘေးမှာရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုအားကောင်းတဲ့ ရွာတွေဖြစ်လို့ စစ်ကောင်စီတပ်သားတွေ မကြာခဏ ဝင်ရောက်စီးနင်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။