လွိုင်ကော် ကုန်းသာရွာထဲ လက်နက်ကြီးကျည်ကျလို့ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာရွာက နေအိမ်တစ်လုံးပေါ်ကို အောက်တိုဘာ လ ၂၃ ရက် မနေ့ ည ၉ နာရီခန့်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် မိသားစုဝင်သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်လို့ အကူအညီပေးခဲ့တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ညပိုင်းအိပ်နေတုန်း အိမ်အပေါ်ကို ကျတာဆိုတော့ အမျိုးသားက နေရာမှာပဲ ဆုံးသွား တယ်။ သူ့အမျိုးသမီးက နားအနောက်မှာ အပေါက်ဖြစ်သွားတယ် ဦးနှောက်တောင် ထွက်နေတဲ့ အခြေအနေဆိုတော့ စိုးရိမ်ရတယ်။ ရှစ်နှစ် အရွယ်ယောင်္ကျားလေးက ပေါင်မှာထိခိုက်သွားတယ်”

ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးကိုတော့ လွိုင်ကော်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဒဏ်ရာ မပြင်းထန်တဲ့ ရှစ်နှစ်အရွယ်နဲ့ ခြောက်လအရွယ် ကလေးငယ်နှစ်ဦးကိုတော့ ရွာမှာပဲ ဆေးကုသပေးနေတယ်လို့ ပြောပါတယ်။

ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်အရ အဲဒီကုန်းသာရွာမှာ စစ်ဘေးဒုက္ခသည် လေးထောင်လောက်အထိ နေထိုင်နေတယ်လို့ ဆိုပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် စစ်ဘေးရှောင်နေတဲ့ အရပ်သားနေအိမ်အပေါ် ကျပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ တစ်ဦးကလည်း မိုးဗြဲအခြေစိုက် (ခမရ-၄၂၂)၊ ဖယ်ခုံအခြေစိုက် (ခမရ-၃၃၆) နဲ့ လွိုင်ကော်အခြေစိုက် (ခလရ-၂၆၁) တပ်တွေကနေ နေ့စဉ်လိုလို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး မနေ့ညပိုင်းမှာတော့ ကုန်းသာရွာထဲ လက်နက်ကြီးကျည် နှစ်လုံးကျခဲ့တာလို့ ပြောပါတယ်။

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ နေ့လယ်ပိုင်းအထိ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်တွေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။