ငွေလိမ်ဂိုဏ်းတွေနဲ့ဆက်စပ်သူ နိုင်ငံခြားသား နှစ်ရာကျော်ကို MNDAA ဖမ်းဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်အတွင်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေနဲ့ ဆက်စပ်သူ တရုတ်နိုင်ငံသား အများစုအပါအဝင် နိုင်ငံခြားသား ၂၁၆ ဦးကို ဖမ်းဆီးရမိတယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီး လောက်ကိုင်းမြို့နယ်အတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခို တိုက်ဖျက်ရေး တစ်လတာ စီမံချက်အတွင်း ဖမ်းဆီးရမိခဲ့တာလို့လည်း ဆိုပါတယ်။

ဒေသအတွင်းက သံသယရှိတဲ့နေရာ ၆၆ နေရာကို ဝင်ရောက်စစ်ဆေးတာမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၂၀၈ ဦး၊ ဗီယက်နမ်နိုင်ငံသား ရှစ်ဦးနဲ့ မြန်မာနိုင်ငံသား ၄၈ ဦးကို ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။

ဖမ်းဆီးရမိတဲ့သူတွေထဲမှာ တရုတ်နိုင်က အလိုရှိနေတဲ့ ရာဇဝတ်သား ၁၉ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၅၀,၇၇၂ ဦးနဲ့ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားစတဲ့ တခြားနိုင်ငံခြားသား ၂၀၄၈ ဦး၊ စုစုပေါင်း ၅၂,၈၂၀ ဦးကို ငါးလအတွင်းမှာ သက်ဆိုင်ရာနိုင်ငံတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။