ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူ ခုနစ်ရာနီးပါးကို အာဏာပိုင်တွေက ဒီနေ့ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဖမ်ဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက မတ်လ ၈ ရက်နေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညသန်းခေါင်အချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(က) ရပ်ကွက်အတွင်းမှာရှိတဲ့ အွန်လိုင်းလောင်းကစားရုံနဲ့ နေရာတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးချိန် ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၆၈၉ ဦး ဖမ်းဆီးခံခဲ့ရတာပါ။
သူတို့ကို ဒီနေ့ထိ စစ်ဆေးနေဆဲဖြစ်ပြီး ပြန်လွတ်မလာသေးဘူးလို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်တော့် ညီမလေးလည်း အဖမ်းခံရတဲ့အထဲ ပါသွားတာဗျ။ အခုထိ မလွှတ်ပေးသေးဘူး။ ထိုင်းနိုင်ငံသားတွေလည်း ပါတယ်။ သူတို့စီစစ်နေတယ်လို့တော့ ပြောတယ်။ ဒီနေ့လည်း သူတို့ လူငယ်တွေကိုခေါ်ပြီးစစ်နေတယ်”
ဖမ်းဆီးခံရသူတွေထဲမှာ ထိုင်းနိုင်ငံသား ၁၅၀ ဝန်းကျင်၊ တရုတ်နိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသား ၅၄၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီနေ့မှာတော့ အသက် ၁၈ နှစ်အောက် လူငယ် ငါးဆယ်ကျော်ကို တရားရုံးကို ပို့ဆောင်စစ်ဆေးနေပြီး ထိုင်နိုင်ငံသားတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူပြီး ပြန်ပို့နိုင်အောင် ဆောင်ရွက်နေတယ်လို့ ရှမ်းပြည်အရှေ့ပိုင်းအခြေစိုက် တာချီလိတ်သတင်းမီဒီယာက ဒီနေ့မှာ ဖော်ပြပါတယ်။
မတ်လ ၇ ရက် မနေ့ကလည်း တာချီလိတ်မြို့ပေါ်မှာ တရုတ်နိုင်ငံသား နှစ်ရာကျော် ထပ်မံဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA က သီခြားအတည်မပြုနိုင်သေးပါဘူး။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့တရုတ်နိုင်ငံသား ၅၀,၇၇၂ ဦးနဲ့ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားစတဲ့ တခြားနိုင်ငံခြားသား ၂၀၄၈ ဦး၊ စုစုပေါင်း ၅၂,၈၂၀ ဦးကို ငါးလအတွင်းမှာ သက်ဆိုင်ရာနိုင်ငံတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။