ပြည်တွင်းမှာ နိုင်ငံခြားပိုင် မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီအဖြစ် နောက်ဆုံးကျန်ရှိနေတဲ့ Ooredoo Myanmar ကုမ္ပဏီကို စင်္ကာပူအခြေစိုက် One Matrix Ventures (TOMV) ကုမ္ပဏီထံ ရောင်းချဖို့ စီစဉ်နေတယ်လို့ Reuter သတင်းဌာနက စက်တင်ဘာလ ၅ ရက် နေ့မှာ ဖော်ပြထားပါတယ်။
Ooredoo Myanmar ကို ဝယ်ယူမယ့် One Matrix Ventures (TOMV) ကုမ္ပဏီကို မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့်အုန်းက ဦးဆောင်နေတာဖြစ်ပြီး လက်ရှိမှာ ပူးပေါင်းလုပ်ကိုင်လိုတဲ့ မိတ်ဖက်တွေနဲ့ ဆွေးနွေးနေတယ် လို့လည်း Reuter က ရေးသားထားပါတယ်။
ဒါပေမဲ့ Ooredoo Myanmar ကို ရောင်းချမယ့် ငွေကြေးပမာဏကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ Ooredoo Myanmar ရုံးက ကိုင်တွယ်နေတာမဟုတ်သလို လက်ရှိမှာ တရားဝင်ပြောဆိုလို့ မရသေးဘူးလို့ မြန်မာရုံးရဲ့ အဆင့်မြင့်အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
"အဲဒီကိစ္စက အကိုတို့ဆီက ကိုင်တွယ်တာတော့ မဟုတ်ဘူး။ ဒါတွေက အစ်ကိုတို့ ပြောပြလို့ မရဘူး။ တစ်ခုခုဆိုရင်တော့ အစ်ကိုတို့လည်း သတင်းထုတ်မှာပါ။ လောလောဆယ်တော့ No Comment (မှတ်ချက်ပေးစရာမရှိ) ပါ"
စင်္ကာပူအခြေစိုက် TOMV ကုမ္ပဏီဟာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး မိုဘိုင်းအော်ပရေ တာ ကဏ္ဍအပါအဝင် ဖိုက်ဘာနဲ့ Submarine Networks၊ ဒေတာစင်တာ၊ ပြန်လည်ဖြည့် သွင်းနိုင်တဲ့ Renewable Energy အစရှိတဲ့ ကဏ္ဍပေါင်း ခြောက်ခုကို ရင်းနှီးမြှုပ်နှံတယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
ဒီကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ စီမံခန့်ခွဲမှု မန်နေဂျာအဖြစ် ဦးမျိုးမြင့်အုန်းက တာဝန် ယူနေသလို Mr.Alan Sinfield ဆိုသူက အမှုဆောင်ဒါရိုက်တာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို RFA က ဆက်သွယ်ခဲ့ ပေမယ့်လည်း ဒီနေ့ ညနေပိုင်းအထိ ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ လေးခုရှိတဲ့အနက် နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေအဖြစ် နော်ဝေနိုင်ငံက Telenor Myanmar နဲ့ ကာတာနိုင်ငံ အခြေစိုက် Ooredoo Myanmar တို့ ရှိခဲ့ပေမယ့် အဲဒီအထဲက Telenor Myanmar ကုမ္ပဏီကတော့ အခုနှစ် မတ်လမှာပဲ ကုမ္ပဏီကိုရောင်းချပြီး မြန်မာနိုင်ငံက ထွက်ခွာသွားပြီ ဖြစ်ပါတယ်။