မြန်မာနိုင်ငံက အူရီဒူး ဆက်သွယ်ရေးလုပ်ငန်းကို အမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချဖို့ သဘောတူ လိုက်ပြီလို့ အူရီဒူး ဆက်သွယ်ရေးကုမ္ပဏီက စက်တင်ဘာ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Ooredoo Myanmar ကုမ္ပဏီရဲ့ မူရင်းပိုင်ရှင်ဖြစ်တဲ့ စင်ကာပူအခြေစိုက် Ooredoo Asian Investments ကုမ္ပဏီ (OAI) က မြန်မာနိုင်ငံက ဆက်သွယ်ရေးလုပ်ငန်းကို Nine Communications ကုမ္ပဏီထံ စုစုပေါင်း အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၁၆၂ သန်း သတ်မှတ်ပြီး အမေရိကန် ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချဖို့ သဘောတူလိုက်တာလို့ ပြောပါတယ်။
ဆက်သွယ်ရေးလုပ်ငန်း လွှဲပြောင်းရောင်းချမှုကို နှစ်ဖက် ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေက သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
Nine Communications ကုမ္ပဏီကို Link Family Office နဲ့ ဦးဉာဏ်ဝင်း ဆိုသူက ပိုင်ဆိုင် တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စင်ကာပူအခြေစိုက် Link Family Office ဟာ အတွေ့အကြုံရှိတဲ့ စီးပွားရေးလုပ်ငန်းစုဖြစ်ပြီး ဦးဉာဏ်ဝင်းဟာ ဆက်သွယ်ရေး လုပ်ငန်းမှာ နှစ်ပေါင်း ၄၀ ကျော် အတွေ့အကြုံရှိသူ ဖြစ်တယ်လို့လည်း အူရီဒူးက ပြောပါ တယ်။
အူရီဒူးမြန်မာကို ၂၀၁၄ ခုနှစ်က ရန်ကုန်အခြေစိုက်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အထင်ကရ ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဆက်သွယ်ရေးလုပ်ငန်းကို ရုပ်သိမ်းရေးဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး လုပ်ငန်းလွှဲပြောင်းရာမှာ အဆင်ပြေဆုံးဖြစ်ဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ထိခိုက်မှု မရှိအောင် ဆောင်ရွက်သွားမယ်လို့ အူရီဒူးရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Aziz Aluthman Fakhroo က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ တစ်ခု ဖြစ်တဲ့ တယ်လီနောဟာလည်း မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး ပြန်လည်ထွက်ခွာခဲ့ပါတယ်။