မရမ်းကုန်း အမှတ် (၁) ရပ်ကွက် နေအိမ်တွေဖယ်ရှားဖို့ စစ်ကောင်စီ အမိန့်ထုတ်ထား

2022.11.25
မရမ်းကုန်း အမှတ် (၁) ရပ်ကွက် နေအိမ်တွေဖယ်ရှားဖို့ စစ်ကောင်စီ အမိန့်ထုတ်ထား ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှ နေအိမ်အချို့ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်က နေအိမ်တွေကို နိုဝင်ဘာလ ၂၉ ရက်နေ့ နောက်ဆုံးထား ဖျက်ပေးဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတယ်လို့ ရပ်ကွက်နေထိုင်သူတွေက နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မှာ RFA ကိုပြောပါတယ်။

မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက နိုဝင်ဘာ ၂၄ ရက်နေ့က ဒေသခံတွေကို ခေါ်ယူပြောဆိုခဲ့တာလို့ ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။

"အစ်ကိုတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ခေါ်ပြောတယ်။ ခေါ်ပြောပြီးတော့ ဒီ ၂၉ ရက်နေ့ကို ဖျက်ဖို့အတွက်ပြောတယ်။ ဒါပေမဲ့ မဖျက်ဖို့အတွက်တော့ သူတို့ဝိုင်းပြီး ပြောပေးထားတယ်လို့ ပြောတယ်။ အဲလိုပဲပြောတာပေါ့"

မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှာ လူဦးရေ တစ်ထောင်ဝန်းကျင်နဲ့ နေအိမ် ၁၅၀ ခန့်ရှိတယ်လို့ ရပ်ကွက်တွင်းနေထိုင်သူတွေက ပြောပါတယ်။

မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်မှာ နှစ်ပေါင်းများစွာနေထိုင်လာတဲ့သူတွေကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ နေအိမ်တွေ အပြီးဖျက်သိမ်းပေးဖို့ စစ်ကောင်စီခန့် မရမ်းကုန်း မြို့နယ် အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ အမိန့်ထုတ်ပြန်ထားတာပါ။

အလားတူ မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ကံသာဇေယျုံကျောင်းလမ်းက လူဦးရေတစ်ထောင်ဝန်းကျင်နေထိုင်ကြတဲ့ နေအိမ် ၁၅၀ ဝန်းကျင်ကို ကျူးကျော်အိမ်တွေ ဆိုပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ စည်ပင်ဝန်ထမ်းတွေက နိုဝင်ဘာလ ၁၉ ရက် နေ့က မြေတူးစက်တွေနဲ့ အင်အားသုံးဖြိုဖျက် ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုက ရပ်ကွက်ငါးခုကိုလည်း တပ်ပိုင်မြေမှာ ပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံး ဖယ်ရှားဖျက်သိမ်းဖို့ စစ်ကောင်စီဒေသအုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသလို နေအိမ်တွေကိုလည်း ဖြိုဖျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။