အောက်ဆီဂျင်ဖြည့်စက်ရုံတွေ ပုဂ္ဂလိကတွေဆီ ဖြည့်သွင်းတာ ရပ်ဆိုင်းထားဖို့ စစ်ကောင်စီညွှန်ကြား

ရန်ကုန်တိုင်းထဲက ကိုဗစ်စင်တာနဲ့ အစိုးရဆေးရုံကြီးတွေကို အောက်ဆီဂျင် ပေးသွင်းရမှာဖြစ်တဲ့အတွက် ပုဂ္ဂလိက အောက်ဆီဂျင်အိုးတွေကို ဖြည့်သွင်းတာကို စစ်ကောင်စီက ညွှန်ကြားချက်အရ ယာယီရပ်နား ထားတဲ့အကြောင်း ဒီနေ့မနက်က သိမ်ဖြူသင်္ဘောကျင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကြေညာထားပါတယ်။

ရွှေပြည်သာမြို့နယ်က အောက်ဆီဂျင်စက်ရုံတစ်ခုကလည်း ဒီနေ့မနက်မှာပဲ အောက်ဆီဂျင် မလုံလောက်တဲ့ အတွက် ဖောင်ကြီး၊ အသည်းဆေးရုံ၊ အင်းယား စတဲ့ ကိုဗစ်စင်တာနဲ့ အစိုးရဆေးရုံကြီးတွေကိုသာ ပေးသွင်း ရမှာဖြစ်လို့ ပုဂ္ဂလိက အောက်ဆီဂျင်အိုးတွေ ဖြည့်သွင်းတာကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတဲ့အကြောင်း လည်း ထုတ်ပြန်ထားပါတယ်။

ဒဂုံမြို့သစ် (တောင်ပိုင်း) စက်မှုဇုန်က အောက်ဆီဂျင်စက်ရုံရဲ့ တာဝန်ရှိသူတစ်ယောက်က အောက်ဆီဂျင်တွေ မဖြည့်ပေးဖို့ စစ်ကောင်စီက ရပ်ဆိုင်းခိုင်းတာ မှန်တဲ့အကြောင်း၊ ဆေးရုံကြီးနဲ့ ကိုဗစ်စင်တာ အတွက် အောက်ဆီဂျင်အိုးတွေကို မဖြစ်မနေ အရင်ဦးစားပေးဖြည့်ပေးရမှာဖြစ်ပြီး အပြင်က လာဖြည့်သူတွေကို ရပ်နားထားခိုင်းတဲ့အကြောင်း၊ မြို့နယ်အုပ်ချုပ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်တွေက စစ်ကားနဲ့ ‌ရောက်လာပြီး ပြောတဲ့အကြောင်း ရန်ကုန် ခေတ်သစ်မီဒီယာကို အတည်ပြုပြောဆိုထားပါတယ်။

ရွှေပြည်သာနဲ့ တောင်ဒဂုံမြို့နယ်က အောက်ဆီဂျင်စက်ရုံတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစား နေပါတယ်။

ကိုဗစ် ကူးစက်ခံထားရတဲ့ မိသားစုဝင် သုံးယောက်ကို ရွှေပြည်သာဆေးရုံမှာ တင်ထားရပြီး စိုးရိမ်ရတဲ့ အခြေအနေကြောင့် အောက်ဆီဂျင်စက်ရုံမှာ လာဝယ်လို့လည်း မရတဲ့အတွက် လူနာကို လက်လွှတ်ဆုံးရှုံး ခံရတော့မယ့် အခြေအနေဖြစ်နေပြီလို့ ရွှေပြည်သာမြို့က လူနာရှင်တစ်ယောက်က RFA ကို ပြောပါတယ်။

လူဦးရေ ခြောက်သန်းကျော်ရှိပြီး ကိုဗစ် ကူးစက်ခံရတာများနေတဲ့ ရန်ကုန်မြို့မှာ ဆေးရုံတွေက လက်မခံတာ တွေကြောင့် အိမ်မှာ ကုသနေရသူတွေဟာ အောက်ဆီဂျင် လိုအပ်ချက်တွေ မြင့်နေတာဖြစ်ပါတယ်။

အောက်ဆီဂျင်အိုးတွေကလည်း ဈေးတွေ တစ်ဟုန်ထိုး မြင့်တက်နေသလို လိုသလောက် ဝယ်လို့မရတာ၊ အောက်ဆီဂျင်လိုအပ်တဲ့ ရောဂါ ခံစားနေရသူတွေအတွက် အောက်ဆီဂျင်စက်ရုံတွေမှာ တိုးကြိတ်တန်းစီ နေကြရတာပါ။ အောက်ဆီဂျင်မရလို့ အသက်သေဆုံးသူတွေလည်း နေ့စဉ်ရှိနေပြီး အခုလို အောက်ဆီဂျင် ဖြည့်ဖို့ ရပ်ဆိုင်းခံလိုက်ရတဲ့အတွက် ဘယ်လိုဆက်လုပ်ရမလဲမသိဘူးလို့ လူနာတွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ဇူလိုင် ၁၀ ရက်နေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာ ၄၃၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၄ ယောက်ရှိပါတယ်။ အဲဒီအထဲက ရန်ကုန်တိုင်းထဲမှာ အသစ် ကူးစက်ခံရသူ ၈၈၄ ယောက်ရှိပြီး သေဆုံးသူ ၁၃ ယောက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။