အခြေခံစပါးဈေးနှုန်း ကျပ် ၅သိန်း သတ်မှတ်


2018.03.06
farmers-622.JPG စပါးစိုက် တောင်သူတွေကို တွေ့ရစဉ်
Photo: RFA

စပါးပေါ်ချိန်မှာ ဈေးနှုန်းကျဆင်းလေ့ရှိတာကြောင့် ငွေကျပ် ငါးသိန်းအောက် ကျဆင်းခဲ့ရင် စိုက်ပျိုးစရိတ် ကာမိအောင် နဲ့ အမြတ်တစ်စုံတစ်ရာရရှိစေဖို့အတွက် လုပ်ကွက်ငယ်တောင်သူအများစုရဲ့ အကျိုးစီးပွားကို ဦးစားပေးပြီး အခြေခံ စပါးဈေးနှုန်း ငါးသိန်းနဲ့ ဝယ်ယူဖို့ ဒီနေ့ ကျင်းပတဲ့ မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ မှာ သတ်မှတ်လိုက်ပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ ဆွေးနွေးပွဲကို တက်ရောက် လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြည်တွင်းစပါးဈေး တည်ငြိမ်ဖို့လိုသလို တောင်သူတွေ ဖံ့ွဖြိုးတိုးတက်ဖို့လည်း အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

"အခု အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းကိစ္စ၊ အဲဒါကတော့ ကျမတို့ စပါးစိုက်တဲ့ တောင်သူလယ်သမားတွေရဲ့ ဝင်ငွေနဲ့ အကျိုးစီးပွားကို အာမခံဖြစ်စေဖို့အတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ၂၀၁၈ ခုနှစ် မိုးစပါးရာသီမှာ စိုက်ပျိုးထုတ်လုပ်တဲ့ စပါးသီးနှံအတွက် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းကို ဒီနေ့ အခမ်းအနားမှာ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ ကျမက မထုတ်ပြန်ရင် မတက်ဘူး လို့ ပြောထားတာ။ အဲတော့ ကျမတို့ရဲ့ နိုင်ငံရဲ့ ပြည်တွင်း စပါးဈေး တည်ငြိမ်ဖို့ဆိုတာလည်း အရေးကြီးတယ်။ တစ်ချိန်တည်းမှာလည်း ကျမတို့ တောင်သူလယ်သမားကြီးတွေရဲ့ အခြေအနေတွေက ပိုပြီးတော့ တိုးတက်လာဖို့ လည်း အရေးကြီးပါတယ်။ အဲဒါကြောင့်မိုလို့ ကျမတို့ရဲ့ စိုက်ပျိုးရေးဝန်ကြီးနဲ့ ဆန်ကုန်သည်ကြီးများအသင်းနဲ့ ညှိနှိုင်းပြီးတော့ ဒီလို အဖြေတစ်ခု ပေါ်လာတာ ဖြစ်ပါတယ်"

အရင်က စိုက်ပျိုးစရိတ်အတွက် တစ်ဧကကို ကျပ် တစ်သိန်း ချေးငွေထုတ်ပေးရာကနေ တစ်သိန်းငါးသောင်းအထိ တိုးမြှင့်ချေးထားသလို မြန်မာ့လယ်ယာစိုက်ပျိုးရေး ဘဏ်ကိုလည်း စနစ်တကျပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားတယ် လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ဒီကနေ့ သတ်မှတ်တဲ့ အခြေခံစပါးဈေးနှုန်းဟာ ၂၀၁၈ ခုနှစ် နွေစပါးပေါ်ချိန်နဲ့ မိုးစပါးပေါ်ချိန်အတွက် အဓိက ရည်ရွယ်တာဖြစ်ပြီး နောင်နှစ်တွေမှာတော့ ဈေးကွက်ဈေးနှုန်း၊ စိုက်ပျိုးစရိတ် စတဲ့ အချက်တွေပေါ်မူတည်ပြီး ထပ်မံသတ်မှတ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ အသင်းဝင် ဆန်စက်တွေ၊ ဆန်စပါးကုန်သည်တွေ၊ အကျိုးဆောင်တွေအနေနဲ့ အစိုဓာတ် ၁၄ ရာခိုင်နှုန်း၊ အဖျင်းအမှော်၊ ဖုန် သဲ ခဲ စတဲ့ အရည်အသွေးဆိုင်ရာစံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ၄၆ ပေါင်ကိုက်စပါးကို ဝယ်ယူရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။