ပခုက္ကူအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြနေ

မကွေးတိုင်း၊ ပခုက္ကူအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးကို ရိုက်နှက် နှိပ်စက်ပြီး အစာဖြတ်၊ ရေဖြတ်၊ တိုက်ပိတ်ထားတဲ့အပေါ် မကျေနပ်တာကစလို့ နိုင်ငံရေးအကျဉ်းသားအများစုက အစာငတ်ခံဆန္ဒပြနေပြီး တခြားရာဇဝတ်မှုနဲ့ ထောင်ကျနေသူတွေကပါ ထောင်တွင်းဆန္ဒပြတာတွေလုပ်နေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက အောက်တိုဘာ ၁၉ ရက် ဒီနေ့ RFA ကိုပြောပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ခြောက်ဦးကို ထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး အဲဒီခြောက်ဦးထဲက ကိုအောင်ကျော်နဲ့ ကိုသက်ကြီးတို့ နှစ်ဦးကတော့ ဒဏ်ရာပြင်းထန် တာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားခြောက်ဦးစလုံးကို တိုက်ပိတ်ပြစ်ဒဏ်ပေးလိုက်ပြီး အစာဖြတ်၊ ရေဖြတ် လုပ်ထားတာကြောင့် ထောင်တွင်းဆန္ဒပြမှုတွေ ဆက်ဖြစ်လာတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

"ဖြစ်တာက အကျဉ်းသား ခြောက်ယောက်ကို စကစ ထောင်ဝန်ထမ်းတွေက မတရား ရိုက်နှက်နှိပ်စက်ရာကနေ ကျန်တဲ့ ထောင်သားတွေ မကျေမနပ်ဖြစ်ပြီး ထောင်တွင်း ဆန္ဒပြမှုဖြစ်တယ်။ အစာရေစာ အငတ်ခံပြီးဆန္ဒပြတာ။ သူတို့ရိုက်နှက် နှိပ်စက် ခံထားရတဲ့အထဲက နှစ်ယောက်က မသေရင်ကံကောင်းပဲ။ အခု ကျန်ထောင်သားတွေက ဆူပူဆန္ဒပြနေတော့ သူတို့တွေကိုပါ ရိုက်နှက်နေတာတွေ ရှိတယ်"

ဆန္ဒပြမှုအတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပိုပြီး ရိုက်နှက်နှိပ်စက်ခံနေရကြောင်းနဲ့ ဆန္ဒပြတာ ငါးရက်မြောက် ဒီနေ့ထိ ထောင်တွင်းမငြိမ်မသက်မှုတွေဖြစ်နေပြီး ထောင် အာဏာပိုင်တွေကလည်း သတင်းတွေ အပြင်မထွက်အောင် ဖုံးဖိထားတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ပခုက္ကူအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ငါးဦး ထောင်ဖောက် ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီးဖိနှိပ်လာတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာမရှိသေးသလို အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

ထောင်တွင်း ဆန္ဒပြမှုတွေ စတင်ဖြစ်ခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းကလည်း ပခုက္ကူ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၇၅ ဦးကို မြင်းခြံထောင်ထံ ပြောင်းရွှေ့ ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁၈ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၂,၆၇၄ ဦးရှိပြီး အဲဒီအထဲက ၁၅၄၉ ဦးကတော့ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပါတယ်။