စက္ကူစက်ရုံ အလုပ်သမားတွေ ဆန္ဒပြ


2018.01.03
stl-workers-protest-622.jpg မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့မှာ စစ်တောင်းစက္ကူစက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ ဇန်နဝါရီလ ၃ ရက်နေ့က ဆန္ဒပြနေစဉ်
.

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့မှာ စစ်တောင်းစက္ကူစက်ရုံက အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်း ၂၀၀ ကျော်က သူတို့ကို အလုပ်ဆက်ခန့်ထားပေးဖို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။

ဒီဇင်ဘာလကစပြီး လစာမပေးတော့ဘဲ ၅ လစာပေးပြီး အလုပ်ထုတ်လိုက်တာကြောင့် ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ စက်ရုံ တာဝန်ခံ ဒေါ်တင်အုန်းကြည် က ပြောပါတယ်။

"အဲဒီ ၅ လစာထုတ်လိုက်လို့ရှိရင် ရွှေသံလွင်ကုမ္ပဏီကနေ ထုတ်လိုက်ပြီးတော့ နောက်အလုပ်ကိုဆက်လို့မရဘူး၊ နောက်အလုပ်ဆက်ဖို့ဆိုတာ ရွှေသံလွင်ကုမ္ပဏီက နောက်ကနေ ဘယ်စက်ရုံပဲလာလာ သူတို့ကနေလက်လွှဲ ယူတဲ့ အလုပ်သမားသာဖြစ်တယ်၊ အဲဒါမှသာ အလုပ်ဆက်လုပ်လို့ရမယ်၊ အလုပ်က အခုလို ၅ လစာယူပြီးတော့ ရပ်လိုက်တာနဲ့ နောက်ကုမ္ပဏီကို ဆက်လို့မရဘူး၊ ကျမတို့ ဝန်ထမ်းတွေရဲ့အသက်က ၃၅ နှစ် နဲ့ ၃၈ နှစ်က အနိမ့်ဆုံးဖြစ်တော့ ဒီအသက်မျိုးတွေကို ကုမ္ပဏီတွေကလည်း မခန့်ဘူး၊ ဟိုဘက်က လစာကိုပေးတယ်၊ အခု ဒီဇင်ဘာကစပြီး မပေးတော့ဘူး၊ ဆက်အလုပ်ခန့်ပေးရမယ်၊ လစာစဉ်ဆက်မပြတ်ပေးရမယ်၊ နောက်ကုမ္ပဏီက စက်ရုံကြီးပေါ်ပေါက်လာပြီဆိုရင် အဲဒီကို သွတ်သွင်းပေးရမယ်"

စစ်တောင်းစက္ကူစက်ရုံကို ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက အစိုးရဆီကနေ နှစ်ရှည်စာချုပ်နဲ့ ၂၀၁၄ ခုနှစ်ကစပြီး ငှားရမ်းထားတာဖြစ်ပါတယ်။ စတင်ငှားရမ်းချိန် ကစပြီး စက်ရုံလည်ပတ်မှုမရှိပေမယ့် အလုပ်သမားတွေကို လစဉ်လစာပေးထားခဲ့ပြီး စက်ရုံပိတ်သိမ်းကြောင်းကို နိုဝင်ဘာလ ၂၉ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီအတွက် အလုပ်သမားတွေကို နစ်နာကြေး ၃ လစာ၊ နို့တစ်ကြေး ၁ လစာ၊ လုပ်သက်ခွင့် ၁ လစာ၊ စုစုပေါင်း ၅ လစာ ပေးသွားမယ် လို့လည်း ရွှေသံလွင်ဟိုင်းဝေးက ကြေညာထားတာ ဖြစ်ပါတယ်။ ဒီနေ့ဆန္ဒပြတဲ့ အလုပ် သမားတွေက နစ်နာကြေး ၅လစာ မယူထားသူတွေ ဖြစ်ပါတယ်။

ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီဟာ စက်ရုံကို ပြီးခဲ့တဲ့အစိုးရဆီက လွှဲပြောင်းယူစဉ်က အလုပ်သမား ၅၀၀ နီးပါး ရှိခဲ့ပေမယ့် ပင်စင်ယူပြီးအလုပ်ထွက်သွား သူတွေရှိတာကြောင့် စက်ရုံပိတ်သိမ်းကြောင်း ကြေညာချိန်မှာ ၄၇၃ ဦး သာ ကျန်ရှိနေတာဖြစ်ပါတယ်။

အဲဒီထဲက ၇၃ ဦးက ကုမ္ပဏီကပေးတဲ့ နစ်နာကြေး ၅ လစာကိုယူပြီး အလုပ်ထွက်သွားတာကြောင့် အလုပ် သမား ၄၀၀ သာကျန်ခဲ့ပြီး သူတို့တွေဟာ နစ်နာကြေး ကို မလိုချင်ကြသလို အလုပ်က မထွက်ချင်သူတွေ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့ကပထမအကြိမ် ဆန္ဒပြခဲ့ကြတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်က အလုပ်သမားတွေ ကို ခေါ်ယူပြီး ညှိနှိုင်းခဲ့ရာမှာ ပြေလည်မှုမရခဲ့တာကြောင့် ထပ်မံဆန္ဒပြတာဖြစ်တယ်လို့ ဒေါ်တင်အုန်းကြည် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။