လွှတ်တော်မှာသတင်းယူခွင့် ထိန်းချုပ်ကန့်သတ်လိုက်မှု စာနယ် ဇင်းအဖွဲ့တွေ ကန့်ကွက်
2016.02.09
လွှတ်တော်တွင်း သတင်းရယူရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ကို မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)နဲ့ မြန်မာနိုင်ငံ သတင်စာဆရာအသင်း (MJA)တို့က ကန့်ကွက်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ပြည်ထောင်စုလွတ်တော်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သတင်းတွေကို ရေးသားဖော်ပြရာမှာ နိုင်ငံတော်နဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်ရေး၊ သတင်းမီဒီယာတွေအနေနဲ့ ကျင့်ဝတ်နဲ့ အညီဆောင်ရွက်ရေးလို့ပါရှိပြီး ဒါဟာ သတင်းလုပ်ငန်းတွေအပေါ် ကန့်သတ်ချက်ဖြစ်နေတဲ့အတွက် အခုလို ကန့်ကွက်ကြောင်း အသိပေးထုတ်ပြန် တာဖြစ်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့ အတွင်းရေးမှူး ဦးမြင့်ကျော်က RFA ကိုပြောပါတယ်။
"တကယ်ကလွှတ်တော်သစ်အစမှာ သတင်းမီဒီယာတွေက စိတ်ဝင်စားမှုပိုများတယ်၊ ပြည်တွင်းရော၊ ပြည် ပရော၊ အဲ့လိုချိန်မှာ လွှတ်တော်ပိုင်းက စီမံခန့်ခွဲမှု အားနည်းတဲ့ အနေအထားကြောင့် သတင်းသမားတွေ အပြစ်တင်တဲ့ သဘောလည်းတွေ့ရတယ်၊ ထုတ်ပြန်ချက်မှာ၊ နောက်တစ်ခုကတော့ လွှတ်တော်ရဲ့ဂုဏ်သိက္ခာ ကို မထိခိုက်အောင် ကျင့်ဝတ်နဲ့အညီလေးစားရမယ်ဆိုတဲ့ဟာမျိုးကြတော့ ကျနော်တို့သတင်းသမားတွေ ရေး သားတဲ့နေရာမှာ ဘယ်သူ့ဂုဏ်သိက္ခာ၊ ဘယ်ဝါ ဂုဏ်သိက္ခာထိခိုက်ရမယ်ဆိုတဲ့ဟာ မပါဘူးလေ၊ တည်ဆဲ ဥပဒေတွေရှိပြီးသားပဲ၊ နောက်တစ်ခုကတော့ ကျင့်ဝတ်နဲ့အညီရေးသားတယ်ဆိုတည်းက အများ သိသင့်၊ သိထိုက်တာတွေ ရေးသားမှာလည်း အဲ့နေရာမှာ လွှတ်တော်ဂုဏ်သိက္ခာ ထိခိုက်ခြင်း၊ မထိခိုက်ခြင်းဆိုတာ ကတော့ လွှတ်တော်လုပ်ဆောင်မှုပေါ်မှာ ပိုပြီးတော့ မူတည်တယ်လို့ ကျနော်တော့ထင်ပါတယ်၊ နောက် တစ်ခုက သတင်းရယူခွင့်တွေမှာ ဒီထက်ပိုပြီး မတင်းကျပ်လာအောင်၊ ပိုပြီးသတ်မှတ်ချက်တွေမများ လာအောင်၊ တိုက်တွန်းချက်လို့လည်း ပြောလို့ရပါတယ်"
ဒါ့အပြင်လည်း စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကို ပြည်ထောင်စုလွှတ်တော်ရုံးက တစ်ဆင့်နှိမ့် သတ်မှတ်တဲ့သဘောသက်ရောက်နေတဲ့ အတွက် အခုလို လွှတ်တော်တွင်း သတင်းရယူရေးလုပ်ငန်းတွေကို စည်းကမ်းချက်တွေ ထုတ်ပြန်တာကို လက်မခံနိုင်ကြောင်းလည်း မြန်မာဂျာနယ်လစ်ကွန်ရက် အဖွဲ့ရဲ့ထုတ်ပြန်ချက် ထဲမှာ ရေးသားထားပါတယ်။
အလားတူ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာလည်း ပြည်ထောင်စု လွှတ်တော်ရုံးရဲ့ ထုတ်ပြန်ချက်ဟာ MJA အဖွဲ့နဲ့ ပတ်သက်မှု မရှိသလို၊ သတင်းမီဒီယာတွေကို ကန့်သတ်ထားမှု အတွက် ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ (၁)ရက်နေ့က စတင်ကျင်းပတဲ့ လွှတ်တော်အစည်းဝေးအတွင်း ပြည်တွင်းပြည်ပ သတင်းမီဒီယာ သမားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အကြား အဆင်မပြေမှုအနည်းငယ်ရှိခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်ရုံးက ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ သတင်းသမားအရေအတွက် ကန့်သတ်ချက် အပါအဝင် စည်းကမ်း သတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။