ပုသိမ်မြို့နယ်က NUG ကျောင်းတက်သူ ၁၆ ဦးဝန်းကျင်အဖမ်းခံထားရ

2022.11.17
ပုသိမ်မြို့နယ်က NUG ကျောင်းတက်သူ ၁၆ ဦးဝန်းကျင်အဖမ်းခံထားရ ပုသိမ်မြို့တစ်နေရာကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်မှာ အခုသီတင်းပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကသင်ကြား ပေးနေတဲ့ ဖက်ဒရယ်အခြေခံပညာရေး အွန်လိုင်းပညာသင်ကျောင်းကို တက်ရောက်တယ်ဆိုပြီး ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးခန့် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ကလေးတွေကို အဆက်အသွယ် မရသေးတာကြောင့် မိဘတွေက စိတ်ပူနေကြတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ကန်ကြီးထောင့်မြို့နယ် ရေတွင်းကုန်းအုပ်စု၊ပဒဲကောရွာကနေပြီးတော့ ကျောင်းသားလေး တစ်ယောက်ကို အရင်ဆုံးစဖမ်းတယ်။ ဖမ်းပြီးတော့မှ သူကနေ ပြီးတော့ ပုသိမ်မြို့ပေါ်က ကျောင်းသားတချို့ကို ဖမ်းတယ်။ ပြီးတော့မှ အဲဒီ ကျောင်းသားတချို့ကနေပြီးတော့ တယ်လီဂရမ်ဂရုမှာ ဖွဲ့ထားတဲ့ကလေးတွေကို စာပို့တယ်ပေါ့နော်။ စာပို့ပြီးတော့မှ ငပုမြို့နယ်ထဲကလည်းပါတယ်။ အကုန်လုံးဆိုရင် အတွင်းသတင်းပေးအရဆိုရင် ၁၆ ယောက်လောက် ရှိတယ်ပေါ့။ ဖမ်းဆီးခံရတဲ့ကလေးတွေက”

ဖမ်းဆီးခံထားရတဲ့ ကလေးတွေထဲမှာ ရှစ်တန်း၊ ကိုးတန်းနဲ့ ဆယ်တန်းကျောင်းသားတွေ ပါဝင်ပြီး အသက် ၁၅ နှစ်၊ ၁၆ နှစ်ဝန်းကျင်တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဖမ်းခံထားရသူတွေထဲမှာ ကျောင်းသားနဲ့ ကျောင်းသူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

ကျောင်းသူ၊ ကျောင်းသားတွေ အဖမ်းခံထားရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာ၀တီတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ ဒီသတင်းကို မကြားမိဘူးလို့ ပြောဆိုပါတယ်။

သတင်းမီဒီယာတွေမှာတော့ ကလေးတွေကို စစ်ကောင်စီရဲ့ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့)၊ အက်စ်ဘီ (ရဲအထူးသတင်းတပ်ဖွဲ့) နဲ့ ဒန (ဒုစရိုက်နှိမ်နှင်း ရေးတပ်ဖွဲ့) တို့က စုံစမ်းထောက်လှမ်း ဖမ်းဆီးခဲ့တာလို့ဖော်ပြကြပါတယ်။

အခုလက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ ကလေးတွေကို နယ်မြေရဲစခန်းမှာ ထိန်းသိမ်း ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။