ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ကနေ နိုဝင်ဘာ ၁၇ ရက် မနေ့က သတင်းထောက် တစ်ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄၇ ဦးပြန်လွတ်လာတယ်လို့ ပုသိမ်မြို့က နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြန်လွတ်လာသူတွေအထဲ ရာဇသတ်ကြီး ဥပဒေပုဒ်မ -၅၀၅ (က)၊ ၅၀၅ (ခ) တို့နဲ့ ထောင်ဒဏ်နှစ်နှစ် အမိန့်ချမှတ်ခံထားရတဲ့ ပုသိမ်အခြေစိုက် မြန်မာသံတော်ဆင့် သတင်းဌာနက သတင်းထောက် ကိုရဲရင့်ထွန်းလည်း ပါဝင်လာတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ပုသိမ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြန်မာသံတော်ဆင့်က သတင်းထောက် ကိုရဲရင့်ထွန်း မနေ့က ပြန်လွတ်လာတယ်။ သူနဲ့အတူ ပုသိမ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအမှုနဲ့ထောင်ကျနေတဲ့သူတွေ ပြန်လွတ်လာတာပါ။ ပုသိမ်ဆန္ဒပြပွဲမှာ ခံတပ်လုပ်ရင်း အဖမ်းခံခဲ့ရတဲ့ ညီအစ်ကို နှစ်ယောက်လည်း လွတ်တယ်”
ပုသိမ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၄၇ ဦးထဲမှာ အမျိုးသမီးသုံးဦးနဲ့ အမျိုးသား ၄၄ ဦးတို့ပါဝင်ပြီး သူတို့ဟာ လွတ်ရက်စေ့ဖို့ ခြောက်လအောက်ကျန်နေတဲ့သူတွေ ဖြစ်တယ်လို့ ပုသိမ်နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၇ ရက်မနေ့က မဇ္ဈိမသတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်၊ ပြည်မြို့က အလွတ်သတင်းထောက်ကို လပြည့်တို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။
စစ်ကောင်စီက ၁၀၂ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အဖြစ် နိုင်ငံတစ်ဝန်းအကျဉ်းသား ၅,၇၇၄ ဦးပြန်လွှတ်ပေးခဲ့ပြီး အဲဒီအထဲက ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ နိုင်ငံတစ်ဝန်း အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၁၂ ဦးပါဝင်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို မနေ့က နိုဝင်ဘာ ၁၇ ရက်က ပြောထားပါတယ်။