မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်နေသူတွေထဲက ဒေသခံဦးဆောင်သူတစ်ယောက်ကို ရဲအင်အား ၂၀၀ ကျော်နဲ့ ဒီနေ့ ဝင်ရောက်ဖမ်းဆီး တာကြောင့် ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ပါတယ်။
ဆန္ဒပြတာမဟုတ်ဘဲ ကုမ္ပဏီကားတွေ သွားလာတာ တားဆီးတာကို ရဲတပ်ဖွဲ့ကဝင်ဖမ်းတဲ့အတွက် ထွက်ပြေးနေ ရတယ်လို့ အောင်သပြေကျေးရွာ ဒေသခံ ဦးရွှေအုန်း က ပြောပါတယ်။
"ဒီနေ့ကျတော့ ကျနော်တို့ကို ရွာထဲသူပုန်တွေ ဝင်သလိုပေါ့လေ။ ကျနော်တို့ရွာကို ရဲအင်အား ၂ ရာကျော် ၃ ရာနဲ့ ကား ၁၇ စီး။ အဲ့ဒါကို အတင်းဝင်လာပြီးမှ ကျနော်က အကျိုးအကြောင်းလေး ရှင်းပြနေတုန်းကို လာလာ ဦးရွှေအုန်ုး ပြောနေတာ ကြာတယ်ဆိုပြီး အတင်းဆွဲဖမ်းရော၊ ဒေသခံပြည်သူတွေက ဘယ်ကနေ ဘယ်လိုရောက် လာတယ် မသိဘူး။ ကျနော့်ကို အတင်းဆွဲလုရော။ လုတဲ့အခါကျတော့ ငါလည်း အပြစ်လုပ်တာမဟုတ်ဘဲ အဖမ်း မခံနိုင်ဘူး ဆိုပြီး ကျနော်လည်း ပြေးရော။ ပြေးတော့ အဲ့နောက်ပိုင်း ဘာတွေဖြစ်လဲတော့ ကျနော်လည်း မသိတော့ဘူး"
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က စီမံကိန်းကို ကန့်ကွက်ဆန္ဒပြရာမှာ ပါဝင်တဲ့ ဒေသခံ ၅ဦးကို ငြိမ်းစုစီဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ကြာနီကန်ရဲကင်းစခန်းမှူး ရဲအုပ်မြင့်ေ၀ က အတည်ပြု ပြောပါတယ်။
ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်း လုပ်ဆောင်နေတဲ့ မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ကျေးရွာဆိုင်းဘုတ်ကို မြေမြုပ်ဖျက်ဆီးတာကြောင့် ဒေသခံတွေက ကုမ္ပဏီကားတွေကို ပြီးခဲ့တဲ့ မတ်လကစပြီး တားမြစ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစီမံကိန်းကို ကန့်ကွက်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က နေပြည်တော်အထိ ချီတက်ဆန္ဒပြဖို့ ကြိုးပမ်းခဲ့တဲ့ ဒေသခံတွေထဲက ဦးရွှေအုန်းအပါအဝင် ၅ ဦးကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြလို့ဆိုပြီး အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။ ဒေသခံတွေက ခွင့်ပြုမိန့်တင်ပေမယ့် နယ်ကျော်ဖြစ်နေလို့ ခွင့်မပြုတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ဇူလိုင် ၂၃ရက်နေ့ ဆန္ဒပြဖို့ ကြိုးပမ်းပေမယ့် ရဲတပ်ဖွဲ့က ကြာနီကန်ရဲကင်းထိပ်မှာ တားမြစ်တာကြောင့် ဆန္ဒပြပွဲကို ရုပ်သိမ်းလိုက်တာဖြစ်ကြောင်း ဒီငြိမ်းစုစီဥပဒေနဲ့ တရားစွဲတာကို လက်မခံနိုင်ကြောင်း ဦးရွှေအုန်းက ပြောပါတယ်။
အဲဒီကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံဟာ အောင်သပြေကျေးရွာအနီးမှာ အကောင်အထည်ဖော်တာဖြစ်တဲ့ အတွက် ဒေသခံတွေက ကန့်ကွက်နေတာဖြစ်ပါတယ်။
