ပေါက်မှာ ရွာနှစ်ရွာ မီးရှို့ခံရပြီး ဒေသခံ ရှစ်ထောင်ဝန်းကျင်ထွက်ပြေးနေရ

RFA Burmese
2022.12.08
ပေါက်မှာ ရွာနှစ်ရွာ မီးရှို့ခံရပြီး ဒေသခံ ရှစ်ထောင်ဝန်းကျင်ထွက်ပြေးနေရ မကွေးတိုင်း ပေါက်မြို့နယ် သရဖီကျေးရွာ မီးရှို့ခံထားရသည်းအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Pauk Newsletter page

မကွေးတိုင်း ပေါက်မြို့နယ်က ကြက်သိုက်ရွာနဲ့ လယ်လန်းရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်း မီးရှို့ခဲ့ကြပြီး နောက်ထပ်လည်း စစ်ကြောင်းထိုးနေတာကြောင့် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ရွာပေါင်း ၁၁ ရွာက ဒေသခံ ၈၀၀၀ ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဒီဇင်ဘာ ၈ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

ပေါက်မြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူပေါင်းအင်အား တစ်ရာ လောက်ဟာ နိုဝင်ဘာလ ၇ ရက် မနေ့က ကြက်သိုက်ရွာဘက်ကနေ စဝင်ရောက်တဲ့အချိန် ပေါက်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ ကြက်သိုက်ရွာကို မီးစတင်ရှို့တာခဲ့တာလို့ ဆိုပါတယ်။

ကြက်သိုက်ရွာကို မီးရှို့ပြီးနောက် အဲဒီရွာနဲ့ ရွာချင်းကပ်နေတဲ့ လယ်လန်းရွာကို မီးဆက်ရှို့လို့ ရွာလုံးကျွတ်နီးပါး မီးထဲပါနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လယ်လန်းက အိမ်ခြေ ၂၀၀ လောက်ရှိတာ။ သူတို့ စာသင်ကျောင်းတွေပါ ရှို့ပစ်တယ်။ လယ်လန်း တစ်ရွာလုံး နီးပါးကုန်တယ်ပေါ့။ အဝေးကနေ လှမ်းကြည့်ရတဲ့ အခြေအနေ ရပဲ သိရသေးတယ်။ အခု ရွာထဲကို မဝင်ရဲသေးဘူး။ သူတို့ ကင်းပုန်းတွေလည်း ရှိနေသေးတယ်။ ကြက်သိုက်ကလည်း ထိုနည်းတူပဲ ရွာနားကို ကပ်လို့မရသေးဘူး။ အနည်းဆုံး နှစ်ရွာက အိမ်ခြေစုစုပေါင်း ၂၅၀ ဝန်းကျင်လောက်တော့ သူတို့ မီးရှို့ ဖျက်ဆီးတာမှာပါဖို့ ရာခိုင်းနှုန်းများတယ်”

လက်ရှိမီးရှို့ခံရတဲ့ ကျေးရွာနှစ်ရွာက မီးလောင်သွားတဲ့ နေအိမ်တွေရဲ့ အသေးစိတ် အခြေအနေကို မသိရသေးသလို လယ်လန်းရွာကို ညဘက်တစ်ခါမီးရှို့ပြီး ဒီနေ့ မနက်ပိုင်းမှာလည်း ကျန်နေတဲ့ နေအိမ်တွေကို ထပ်ရှို့နေတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေး ဝန်ကြီး ဦးစိုးပိုင်မြင့်ကို ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

လက်ရှိအချိန်မှာ လယ်လန်းနဲ့ ကြက်သိုက်ရွာတွေ အပါအဝင် သပွတ်စုရွာ၊ မြေခြားရွာ၊ သရက်လေးပင်ရွာ၊ သရဖီရွာ၊ ရွာသာအေးရွာ၊ သီးခြောက်ရွာ၊ တောင်ချိုရွာ၊ ဒေါင်းသာရွာနဲ့ ရွာတန်းရှည်ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။