ပေါက်တောနဲ့ မြေပုံမှာ လက်နက်ကြီးကြောင့် ငါးဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နဲ့ မြေပုံမြို့နယ်မှာ မတ်လ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားငါးဦး နေရာမှာတင် သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

မတ်လ ၁၇ ရက် မနေ့နေ့လယ်က ပေါက်တောမြို့နယ် လက်ပံပြားရွာမှာ လက်နက်ကြီးကျည်လေးလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်ငါးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် နှစ်ဦး နေရာမှာတင်သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် သုံးဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ နေ့လယ်က ရွာထဲကို လက်နက်ကြီး လေးလုံးကျပါတယ်။ ကလေးတစ်ယောက်နဲ့ ရွာသားတစ်ယောက် ပွဲချင်းပြီးသေသွားတယ်။ ပြီးရင် ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ယောက်နဲ့ နောက်ထပ်နှစ်ယောက် ဒဏ်ရာရ သွားတယ်။ တိုက်ပွဲဖြစ်တာမရှိပါဘူး။ နေဗီကနေ ဒီအတိုင်းလှမ်းပစ်တာ”

အဲဒီရွာအနီးမှာရှိတဲ့ ရွာတွေကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရသူ တွေရှိပေမယ့် အရေအတွက်တိတိကျကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီလက်နက်ကြီးကျည်ကို စစ်တွေတပ်နယ်နဲ့ စစ်ရေယာဉ်တွေပေါ်ကနေ ပစ်ခဲ့တာလို့ ဒေသခံတွေက ပြောပေ မယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

မြေပုံမြို့နယ် ဝပူကြီးရွာသစ်နဲ့ စညှင်းရွာမှာလည်း မတ်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားသုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

မြေပုံမြို့နယ် စညှင်းစစ်ဘေးဒုက္ခသည်စခန်းအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကနေ ပစ်ခတ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဝပူကြီးရွာသစ်က သုံးယောက်သေတယ်။ တစ်ယောက်ဒဏ်ရာရတယ်။ စညှင်းရွာက ရွာသားတစ်ယောက်လည်း ပေါင်ကိုဖောက်သွားတယ်။ အဲဒီလက်နက်ကြီးက စညှင်းစစ်ဘေးဒုက္ခသည်စခန်းအနားက တောင်ပေါ်ကနေ လှမ်းပစ်တာပါ။ ဘာတိုက်ပွဲမှာမရှိဘဲ အလိုလို လှမ်းပစ်တာပါ ”

ပေါက်တောနဲ့ မြေပုံမြို့နယ်မှာ လက်နက်ကြီးကြောင့် ဒေသခံတွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ မတ်လ ၁၈ ရက်နေ့အထိ လေးလကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လေကြောင်းပစ်ခတ်မှုအပြင် မြေမြှုပ်မိုင်းကြောင့် အရပ်သားနှစ်ရာကျော် သေဆုံးခဲ့ပြီး ဒဏ်ရာသ ငါးရာနီးပါး ရှိသွားပြီဖြစ်ပါတယ်။