မူဆယ်မှာ PDF အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ခြောက်ဦးသေဆုံး

RFA Burmese
2022.11.25
မူဆယ်မှာ PDF အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ခြောက်ဦးသေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ (PSDA) မှ တပ်ဖွဲ့ဝင် အချို့ကို တွေ့ရစဉ်။
People Security And defense Army - Northern Shan State

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ နိုဝင်ဘာလ ၂၃ ရက် ည ၁၁နာရီဝန်းကျင်က PDF တပ်ဖွဲ့ဝင်အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ခြောက်ဦးသေဆုံးခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်စဉ်မှာ ပါဝင်သူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ (PSDA) နဲ့ PSDA က ခွဲထွက်လာသူတွေအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ လွတ်မြောက်လာသူ ကိုစဒန်က ပြောပါတယ်။

“ဝင်လာကတည်းက ကျနော်တို့ကို သစ္စာဖောက်ကောင်တွေဆိုပြီး ပစ်တာ။ ဘာမှတောင် ရှင်းပြချိန် မရလိုက်ဘူး။ ကျနော်က အိမ်ပေါ်ကနေ ခုန်ချပြီးထွက်ပြေးခဲ့ရတာ။ ကျနော်နဲ့အတူ လေးယောက်လွတ်လာတယ်။ ကျနော်တို့က သူတို့ရဲ့လမ်းစဉ်တွေကို သဘောမကျလို့ သီးသန့် ခွဲထွက်ခဲ့တာပေါ့နော်။ ထွက်လာတုန်းကတာ့ သုံးယောက် ပဲရှိတာ။ ကျနော်တို့ ထွက်လာပြီး နောက်မှ ကလေးတွေထပ်လိုက်လာတော့ လူကဆယ်ယောက် ကျော်လောက် ဖြစ်သွားတာ”

လွတ်မြောက်လာသူ လေးဦးအနက် နှစ်ဦးဒဏ်ရာရရှိထားပြီး ဆေးကုသမှုခံယူနေတယ်လို့ ကိုစဒန်ကပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကိုလည်း အသိပေးထားတယ်လို့ သူက ပြောပါတယ်။

PSDA ပြင်ပဆက်ဆံရေးဌာန တာဝန်ရှိသူကတော့ အဲဒီအဖွဲ့ဟာ PSDA ကို ပြန်လည် တိုက်ခိုက်မယ့် အခြေအနေရှိနေတာကြောင့် သွားရောက်ဖမ်းဆီးချိန်မှာ အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

"သွားဖမ်းတဲ့အချိန်မှာ အိမ်ထဲကနေ ပစ်ခတ်တယ်။ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်တော့ ကျဆုံးတာတွေ ရှိတယ်။ အရှင်ဖမ်းမိတဲ့ သူတွေလည်းရှိပါတယ်။ အသေးစိတ်ကိုတော့ စစ်ဆေးနေတုန်းမို့ ပြောလို့မရသေးပါဘူး"

ဒီပစ်ခတ်မှုမှာ PSDA တပ်ဖွဲ့ဝင်သုံးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြောပါတယ်။ PSDA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ( NUG) နဲ့ ချိတ်ဆက်လှုပ်ရှားနေတာမရှိဘဲ သီးခြားလှုပ်ရှားနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။