တီးတိန်မြို့မှာ စစ်မှုထမ်းဖို့စာရင်းကောက်တဲ့ စစ်ကောင်စီဝန်ထမ်းငါးဦး ဖမ်းဆီးခံရ

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်မှုထမ်းဖို့စာရင်းကောက်ခံနေတဲ့ စစ်ကောင်စီဝန်ထမ်း ငါးဦးကို မတ်လ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ PDF Zoland အဖွဲ့သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မြို့နယ်စည်ပင်သာယာရေးကော်မတီ လက်ထောက်အင်ဂျင်နီယာ ကိုကပ်ဆွင်းခွါလ်၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဒုကြီးကြပ်ရေးမှူး ကိုခွါလ်လျန်းမုန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး ကိုလျန်းလမ်ခိုင်၊ အားကစားနဲ့ ကာယပညာဦးစီးဌာနမှူး ကိုရှင်းခန့်ခွါလ်နဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက အငယ်တန်းစာရေး ကိုနန်ဆွင်းဂင့်တို့ ဖြစ်ပါတယ်။

သူတို့ဟာ တီးတိန်မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ပြီး စစ်မှုထမ်းစာရင်းကို ဦးဆောင်ကောက်ယူနေတာကြောင့် အခုလို ဖမ်းဆီးတာလို့ PDF Zoland အဖွဲ့က ပြောပါတယ်။

သူတို့ကို နေအိမ်တွေမှာပဲ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ PDF Zoland ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"သူတို့ကို အခု လက်ရှိ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့ ဥပဒေအတိုင်း လုပ်ဆောင်သွားမယ်။ စစ်မှုထမ်း စာရင်းကောက်တဲ့နေရာမှာ သူတို့ ငါးဦးက အဓိက ပါဝင်တာကြောင့် ဖမ်းဆီးတာပါ "

ဒီဖြစ်စဉ်ဖြစ်ပြီး တီးတိန်မြို့ပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တီးတိန်မြို့ပေါ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နုတ်ထွက်ထားတာကြောင့် မြို့နယ်အဆင့် စစ်ကောင်စီဝန်ထမ်းတွေကိုယ်တိုင် စစ်မှုထမ်းဖို့ စာရင်းကောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

PDF Zoland အဖွဲ့ကတော့ စစ်ကောင်စီကို အားပေးပူးပေါင်းကူညီနေသူတွေကို ဆက်လက်အရေးယူသွားမယ်လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်းက မြို့နယ် ၁၇၂ မြို့နယ်မှာ စစ်မှုထမ်းဥပဒေကို လက်တွေ့အကောင်အထည် ဖော်နေပါတယ်။