ရေဘေးကြောင့် ပြောင်းရွှေ့နေရသူ ၁သောင်းကျော်ရှိ


2017.10.17
taunggu-flooing-622.jpeg စစ်တောင်းမြစ်ရေတက်သဖြင့် တောင်ငူမှာ ရေကြီးခဲ့စဉ်
Photo: RFA

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်နဲ့ တောင်ငူမြို့နယ်တွေမှာ စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် လူဦးရေ ၁ သောင်းကျော် ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။

ရေတာရှည်မြို့နယ်က လူနေအိမ် ၁၈၀၀ ကျော်မှာ ရေတွေဝင်ရောက်နေတာကြောင့် ပြောင်းရွှေ့ရတာဖြစ်တယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းထွန်း က ပြောပါတယ်။

"ရေတာရှည်က လောလောဆယ်ပေါ့နော်၊ ပြောင်းရွှေ့ထားပြီးတဲ့အိမ်က ၁,၈၄၅ ရှိပါတယ်၊ လူဦးရေက ၁၁,၃၆၄ အဲဒါအတွက်ကို ဆန်ရိက္ခာဖိုး ၂၃,၈၆၄,၄၀၀ ထောက်ပံ့ထားပေးပါတယ်။"

ရေတာရှည်မြို့နယ်က ကျေးရွာ ၂၁ ရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကစပြီး ရေတွေဝင်ရောက်နေ တာကြောင့် ဒေသခံတွေဟာ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်နေထိုင်နေကြရ တာ ဖြစ်ပါတယ်။ တောင်ငူမြို့နယ်မှာတော့ လူဦးရေ ၆၀၀ ကျော် ဘေးလွတ်ရာကို ပြောင်းရွှေ့နေရတာဖြစ် ပါတယ်။

အလားတူပဲ မန္တလေးတိုင်းဒေသကြီးက မြို့နယ် ၆ မြို့နယ်မှာလည်း ရေတွေဝင်ရောက်နေတာကြောင့် လူဦးရေ ၅ ထောင်ကျော်ဟာ ရေလွတ်ရာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။

တောင်ကျရေဆင်းလာတာတွေ၊ ပန်းလောင်မြစ်၊ စမုံမြစ်နဲ့ ဧရာဝတီမြစ်ရေတွေ မြင့်တက်လာတာနဲ့ ဆည်တော်ကြီး ရေလှောင်တမံက ရေလွှတ်ချတာတွေကြောင့် စဉ့်ကူး၊ တံတားဦး၊ စဉ့်ကိုင်၊ မြစ်သား၊ မတ္တရာနဲ့ သပိတ်ကျင်း စတဲ့မြို့နယ်တွေမှာ ရေတွေဝင်ရောက်နေတာဖြစ်ပါတယ်။

ဒါ့အပြင် သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်တွေက ရေထဲမျောပါ ပျက်စီးသွားတဲ့နေအိမ် ၂၄ လုံးအတွက် တစ်အိမ်ကို ၁ သိန်းနှုန်းထောက်ပံ့ပေးထားတယ်လို့လည်း ဒေါ်သင်းသင်းထွန်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။