ဖယ်ခုံမှာ လက်နက်ကြီးကြောင့် ကျောင်းသူတစ်ဦး အပါအဝင် အမျိုးသမီး သုံးဦး သေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ရွှေစမ်းရွာနားမှာ ဖေဖော်ဝါရီလ ၁၃ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းသူတစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကရင်နီ စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ပစ်တာက ဖယ်ခုံမှာရှိတဲ့ စစ်ကောင်စီတပ်ကနေ လှမ်းပစ်တာပေါ့နော်။ ဖယ်ခုံနဲ့ အဲဒီရွာက ကြားထဲမှာ ဖယ်ခုံအင်း ခြားနေတာ။ ဘယ်တပ်က ပစ်တယ်ဆိုတာတော့ နာမည်တိတိကျကျ မသိရဘူး။ သေသွားတာက အမျိုးသမီး သုံးယောက်”

သေဆုံးသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ဦး ပါဝင်ပြီး ကျန်တဲ့သူတွေက အသက် ၃၀ ကျော်နဲ့ ၅၀ ကျော်အရွယ် အမျိုးသမီးတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေစမ်းရွာအနီးမှာ လွိုင်ကော်နဲ့ ဆီဆိုင်မြို့တွေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် အနည်းဆုံးနှစ်ထောင်ခန့် နေထိုင်တယ်လို့လည်း ကရင်နီစစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ကယားပြည်နယ် (ကရင်နီပြည်) နဲ့ ရှမ်းပြည်အခြေစိုက် သတင်းမီဒီယာအချို့မှာလည်း ဖယ်ခုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး သုံးဦးသေဆုံးခဲ့ကြောင်း ရေးသားထားကြပါတယ်။

ဖယ်ခုံမြို့မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခြေစိုက်တာ ဖြစ်ပါတယ်။

လက်နက်ကြီးကြောင့် အမျိုးသမီး သုံးဦး သေဆုံးခဲ့တဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဖေဖော်ဝါရီ ၁ ရက်ထုတ်ပြန်ချက်အရ စစ်ဏာသိမ်း သုံးနှစ်အတွင်း ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာအပြင် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့ပါတယ်။