မင်းပြားမှာ လက်နက်ကြီးကြောင့် ဒေသခံ ခြောက်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖလောင်းပြင်ရွာမှာ အောက်တိုဘာ ၇ ရက်၊ ဒီနေ့ နေ့လယ်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ခြောက်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

မင်းပြားမြို့နယ် ကြပ်စင်တံတားနားမှာ နေ့လယ် ၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ ၅ မိနစ်လောက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျိန်းတောင် ဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"နေ့လယ် ၁ နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်။ ၅ မိနစ်လောက် ဖြစ်ခဲ့တယ်။ ပြီးတော့ သူတို့က လက်နက်ကြီးနဲ့ အနီးအနားတွေကို လှမ်းပစ်တာ။ ကျနော်တို့ ရွာထဲမှာ လက်နက်ကြီး သုံးလုံး ကျတယ်။ ရွာအပြင်မှာတော့ ခုနစ်လုံးလောက် ကျတယ်။ ကလေးတစ်ယောက်ရယ်၊ အသက် ၆၀ ကျော်တစ်ယောက်ရယ်၊ အားလုံး ခြောက်ယောက် ဒဏ်ရာရတယ်"

လမ်းတွေကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် ဒဏ်ရာရသူတွေကို ရေနံစည်ရွာ ဒေသန္တရဆေးခန်းမှာ ဆေးကုသပေးထားတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိမှာတော့ ကျေးရွာသားတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ဆိုပါတယ်။

အဲဒီမင်းပြားမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် ကြမ်းတိုက် ကျေးရွာမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီးတွေဟာ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးလို့ ပြောဆိုတာတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကို ဖော်ပြနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်ပွားလာတာပါ။ တိုက်ပွဲတွေ ပြင်းထန် လာတာနဲ့အမျှ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေဟာလည်း နေ့စဉ်နဲ့အမျှ တိုးလာ နေတာလည်းဖြစ်ပါတယ်။

RFA က သီးခြားပြုစုထားတဲ့ စာရင်းအရ တစ်ကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီး၊ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၇ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။