ပြည်ပထွက်ခွင့်နဲ့ အလုပ်ခေါ်စာကို ပိတ်ပင်မှုမရှိကြောင်း စစ်ကောင်စီပြော

ပြည်ပထွက်ခွာခွင့်နဲ့ အလုပ်ခေါ်စာ (Demand Letter) တွေကို ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ခွင့်ပြုပေးထားတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ တာဝန်ရှိဝန်ထမ်းတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

“ခွင့်ပြုထားပါတယ်။ ကျွန်တော်တို့ မပိတ်ပါဘူး။ မရပ်ဆိုင်းပါဘူး။ ပြည်ပ ထွက်မယ့်သူတွေကို ပုံမှန်အတိုင်းပဲ ဆောင်ရွက်ပေးနေပါတယ်။ အရင်ကလည်း မပိတ်ပါဘူး ပိတ်တယ်ဆိုတာ မရှိပါဘူး။ ဒီထွက်ခွာခွင့် မပိတ်ဘူးခင်ဗျ။ Demand ကို ယာယီခဏလေးပဲ ဟိုဟာဖြစ်တာ (ရပ်ဆိုင်းထားတာ)။ ဒါပေမဲ့ အခု Demand အလုပ်ခေါ် စာလည်း အကုန်ပြန်လက်ခံတယ်နော်။ ကျွန်တော်တို့ ပုံမှန်အတိုင်းပဲ ဆောင်ရွက်နေပါတယ်။ ပြည်ပ ထွက်ခွင့်တွေ ပိတ်တယ်ဆိုတာလည်း ကောလာဟလတွေပါ”

ပြည်ပ ထွက်ခွာခွင့်တွေနဲ့ပတ်သက်ပြီး တားဆီးပိတ်ပင်တယ်ဆိုတာ ကောလာဟလ သတင်းအမှားတွေသာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်က အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ် ဝင်၊ ထွက်ဂိတ်တွေကို ယခင်အတိုင်း ခွင့်ပြုပေးထားတယ်လို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာနကလည်း မနေ့က ထုတ်ပြန်လာပါတယ်။

ထိုင်းနိုင်ငံ သီးသန့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးကတော့ ပြည်ပကို အလုပ်သမား လွှတ်စေဖို့အတွက် အလုပ်ခေါ်စာ (Demand Letter) အသစ်တင်တာကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ ရက်မှာ ယာယီ ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ ရက် မနေ့ကမှ ပုံမှန်အတိုင်း ပြန်ခွင့်ပြုပေးခဲ့တာလို့ RFA ကိုပြောပါတယ်။

“ပြည်သူ့စစ်တာဝန် ထမ်းဆောင်ရမယ်ဆိုတဲ့ သတင်းထွက်ပြီးနောက် ဂယက်ဂယက်ဖြစ်ပြီးတော့ လိုင်းပေါ်မှာ ပွသွားတော့ ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်တာ ဒါပါပဲ။ သူတို့က နောက်လူတွေ မခေါ်နဲ့ဦး ခဏရပ်လိုက်ဦးပြောတယ်။ နောက်နေ့ကျတော့ ပြန်ပြီးဖုန်းဆက်တယ်။ ဟာမဟုတ်ဘူး ဖွင့်လိုက်ပြီတဲ့။ အခုပုံမှန်အတိုင်း ပြန်လုပ်နေကြပါပြီ။ စနေပါပြီ။ ပြန်ပြီခေါ်နေပါပြီ။ မနေ့က ပြန်စတာ”

လက်ရှိ အလုပ်ခေါ်စာ (Demand Letter) အသစ်တင်သူတွေထဲမှာ မြန်မာနိုင်ငံရဲ့ အနီးဆုံးထိုင်းနိုင်ငံထဲ လျှောက်ထားသူက တခြားနိုင်ငံတွေထက် ပိုများတယ်လို့ သူကပြောပါတယ်။

လက်ရှိမှာ ပြည်ပ ထွက်ခွာခွင့်နဲ့ အလုပ်ခေါ်စာ (Demand Letter)တွေကို ပုံမှန်အတိုင်း ပြန်လုပ်ခွင့်ရနေပြီ ဖြစ်တဲ့အတွက် စိတ်ပူတာတွေလျော့သွားပြီလို့ ထိုင်းနိုင်ငံ သွားရောက်အလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့ ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ပြောပါတယ်။

“ပိတ်လိုက်တယ်လို့ ကြားတော့ တော်တော် အားပျက်သွားတယ်။ အဲဒီလိုပုံစံမျိုး လူငယ်တွေအကုန်လုံးက အဲဒီလို ဖြစ်တာပဲလေ။ အခုကတော့ မနေ့ ပြန်ဖွင့်တယ် Demand တွေ ပြန်လက်ခံနေပြီဆိုတော့ အဓိက နည်းနည်း စိတ်ပူတာလျှော့သွားတာပေါ့။ မနေ့က သင်တန်းကျောင်းတွေက ပြန်ပြောတာ ပိတ်တာမဟုတ်ပါဘူး။ Demand တွေ ပြန်လက်ခံပါပြီပေါ့”

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းပြီးနောက်မှာ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေကို အဆင့်ဆင့် ဖွဲ့စည်းလာတာကြောင့် အဓမ္မ စစ်ထဲ သွတ်သွင်းတာကို မခံလိုတဲ့လူငယ်တွေဟာ ဒီရက်ပိုင်းအတွင်း ပြည်ပကိုထွက်ခွာဖို့ အလုအယက် ကြိုးစားလာတယ်လို့ လူငယ်တွေနဲ့ မိဘတွေက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ အနီးကပ်ဆုံး ထိုင်းနိုင်ငံကိုထွက်ခွာနိုင်ဖို့ ပိုကြိုးစားနေကြပြီး ဒီရက်ပိုင်း ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့မှာ ပြည်ဝင်ခွင့်လျှောက်ထားသူ အများအပြား တွေ့နေရတယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် ထိုင်း သံရုံးထုတ်ပြန်ချက်မှာလည်း ဒီရက်ပိုင်းအတွင်း ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများပြားတာကြောင့် တစ်ရက်ကို လျှောက်ထားသူ ၄၀၀ သာ လက်ခံတော့မယ်လို့ ဖော်ပြထားပါတယ်။

တန်းစီစနစ်နဲ့ ရုံးချိန် မနက် ၈ နာရီခွဲမတိုင်ခင်မှာ တိုကင်ပေးဝေမှာဖြစ်ပြီး တိုကင်ကိုလွှဲပြောင်းယူတာ၊ အတုလုပ်တာတွေရှိခဲ့ရင် အမည်ပျက်စာရင်း သွင်းမယ်လို့လည်း သတိပေးထားပါတယ်။