ဖါးကန့်မှာ ရေကြီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာလို့ ဥရုချောင်းရေကြီးပြီး ဒီကနေ့မှာ ဖားကန့်မြို့ပေါ်က ရပ်ကွက်တချို့ ရေနစ်မြုပ်နေပါတယ်။

အခုနှစ်မိုးရာသီအတွက် ဖားကန့်မြို့မှာ ရေအများဆုံးတက်လာတာဖြစ်တယ်လို့ ဖားကန့်မြို့ခံ ဦးဟန်မြင့် ကပြောပါတယ်။

"လက်ရှိအချိန်မှာကတော့ ကြိုးတံတားကတော့ ပျက်စီးတဲ့အထိ မရောက်သေးဘူးပေါ့၊ ကတ္တရာ လမ်းပေါ်တော့ ၆ လက်မ၊ ၇ လက်မလောက် ရောက်သွားပြီ၊ ဒီနှစ်မိုးတွင်းရဲ့ ရေအကြီးဆုံးစံချိန်ကတော့ ဒါစံချိန်ချိုးနေတာပဲလေ၊ ခုလည်း တက်နေတုန်းပဲ၊ နောက်ထပ်လည်း တက်ဖို့အလားအလာ ရှိသေး တယ်လေ၊ မိုးက မပြတ်ဘူးလေ၊ ခု ကျွန်တော်တို့ ရပ်ကွက်ကတော့ ခုနကတော့ ဥက္ကဌကတော့ သူ့လှေလေးနဲ့ လိုက်ပတ်ပြီးတော့ အခြေအနေကို အကဲခတ်နေတယ်၊ ကြည့်နေတယ်"

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အင်အားကြီး စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်ပြီး မြေစာတွေကို စည်းကမ်းမဲ့စွန့်ပစ်မှုတွေကြောင့် ဥရုချောင်းနဲ့ ဆက်စပ်နေတဲ့ ချောင်းလက်တက်တွေ တိမ်ကောလာတဲ့ အတွက် ရေကြီးရေနစ်မြုပ်မှုတွေဖြစ်နေတာပါ။

ဒါကြောင့် နှစ်စဉ် မိုးကာလမှာ ရေကြီးရေလျှံပြီး ဖားကန့်မြို့ပေါ် ငှက်ပျောတော၊ အေးမြသာယာ၊ မြို့မ၊ မရှီကထောင်နဲ့ လုံးခင်း၊ ဆိပ်မူ၊ ဝှေခါစတဲ့ကျေးရွာတွေတစ်ဝိုက်မှာ ေရေနစ်မြုပ်ပြီး လူနဲ့ အိမ်ခြေတွေ ထိခိုက်ပျက်စီးနေတယ် လို့ ဒေသခံတွေက ပြောကြပါတယ်။