ဖားကန့်နယ်မြေ စက်ယန္တရား အစီးတစ်သောင်းကျော် စစ်ဆေးနိုင်ခဲ့
2016.01.25

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကွင်းဆင်းစစ်ဆေးနေတဲ့ အထူးစုံစမ်းရေးအဖွဲ့ဟာ ကျောက်မျက် တူးဖော်ရေးကုမ္ပဏီတွေ အသုံးပြုနေတဲ့ စက်ယန္တရားအစီးရေ တစ်သောင်းကျော်ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီနှစ်ရာကျော်ရဲ့ စက်ယန္တရားတွေကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောပါတယ်။
"ဘတ်ဟိုးပါတယ်၊ ဘူဒိုဇာပါတယ်၊ နောက်မြေသယ်ယာဉ်ကြီးတွေပါတယ်၊ နောက်ကျောက်ဖောက်စက်တွေ ပါတယ်၊ နောက်အုပ်ချုပ်မှုယာဉ်ပေါ့၊ အုပ်ချုပ်မှုယာဉ်ဆိုတာ ကုမ္ပဏီတွေသုံးတဲ့ယာဉ်ပေါ့ အဲ့ငါးခုပါတယ်၊ ကုမ္ပဏီ အားလုံးပေါင်း ကျနော်သိတာ ၂၆၂ ကိုစစ်တယ်ဗျာ၊ အားလုံးပေါင်းလိုက်တဲ့အခါ အစီးရေ တစ်သောင်းကျော်တယ်၊ အရင်တုန်းက ဖားကန့်ဒေသမှာ စက်ယန္တရားအရေအတွက် စာရင်းအတိအကျမရှိဘူး၊ ဒါလာစစ်တဲ့အတွက် စာရင်းအတိအကျလည်းဖြစ်ပါတယ်၊ ဒါတွေလည်း စနစ်စကျဖြစ်သွားနိုင်တဲ့ အနေအထားတွေပေါ့"
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ဦးဆောင်တဲ့ အထူးကွင်းဆင်းစစ်ဆေးရေး အဖွဲ့ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၆ ရက်နေ့ကစပြီး ၂၂ ရက်နေ့အထိ တပတ်ကြာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအဖွဲ့မှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန၊ အကောက်ခွန်၊ သတ္တုတွင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန စတဲ့ ပြည်ထောင်စုအဆင့် အရာရှိအယောက် ၂၀ ကျော်လိုက်ပါဝင်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို သတင်းထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဒီနှစ်အတွက် နိုင်ငံတော်ကိုအခွန်ဆောင်ပြီး ကျောက်တူးဖော်ဖို့ ရောက်ရှိနေတဲ့ စက်ယန္တရား ၇၀၀ ကျော်ရှိပြီး ဂျိတ်လင်းမြန်မာ၊ ခိုင်မြန်မာ၊ မြောက်ပိုင်းတော်ဝင်၊ ဧရာရတနာ စတဲ့ကုမ္ပဏီ ၁၃ ခုရဲ့ စက်ယန္တရားတွေဖြစ်တယ်လို့ သိရပါတယ်။