ပအိုဝ်းပြည်သူတွေ မတရားမှုကို ဆန့်ကျင်ကြဖို့ PNLA တိုက်တွန်း

RFA Burmese
2024.02.16
ပအိုဝ်းပြည်သူတွေ မတရားမှုကို ဆန့်ကျင်ကြဖို့ PNLA တိုက်တွန်း ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့မှ နေရပ်စွန့်ခွာထွက်ပြေးနေရသူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် PNLA မှ ထုတ်ပြန်ထားစဉ်။
Telegram/PNLA

မြန်မာတစ်နိုင်ငံလုံးမှာ အဖိနှိပ်ခံပြည်သူတွေက စစ်ကောင်စီကို ဆန့်ကျင်နေကြပြီး ပအိုဝ်းပြည်သူတွေအနေနဲ့လည်း မတရားမှုကို ခေါင်းငုံ့မခံဘဲ ရဲရဲရင့်ရင့် ဆန့်ကျင်ကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပအိုဝ်းလူငယ်တွေအနေနဲ့ လူတစ်စုရဲ့ အကျိုးစီးပွားကို ကာကွယ်ပြီး အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေကို ရှောင်လွှဲကြရမှာဖြစ်တယ်လို့ PNLA က ရေးသားထားပါတယ်။

နောက်ပြီး စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ပြည်သူအချင်းချင်း သတ်ဖြတ်အောင် လုပ်ဆောင်လိုက်တာဖြစ်ပြီး ပအိုဝ်းပြည်သူတွေအနေနဲ့ အမျိုးသားလွတ်မြောက်ရေးအတွက် PNLA နဲ့ လာရောက်ပူးပေါင်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ လူမျိုးရေး၊ ဘာသာရေး သွေးခွဲလှုံ့ဆော်မှုတွေကို စစ်ရာဇဝတ်မှုတွေ ဖုံးဖိနိုင်အောင်၊ အာဏာတည်မြဲအောင် လုပ်ဆောင်နေတယ်လို့ PNLA က စွပ်စွဲထားပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို PNLA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်၊ ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ (PNO) တို့နဲ့ တိုက်ပွဲဖြစ်နေတာပါ။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ဆီဆိုင်မြို့မှာ တိုက်ပွဲစတဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားငါးဦး သေဆုံးခဲ့ရပြီး ဒေသခံတစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။