စစ်ကောင်စီတပ်နဲ့ KIA တပ် မန်စီတိုက်ပွဲမှာ ရဲမှူးသေဆုံးပြီး စခန်းမှူးဒဏ်ရာရ

2021-05-04
Share
စစ်ကောင်စီတပ်နဲ့ KIA တပ် မန်စီတိုက်ပွဲမှာ ရဲမှူးသေဆုံးပြီး စခန်းမှူးဒဏ်ရာရ မန်စီမြို့နယ် ရဲမှူး ဟိန်းထက် ကို တွေ့ရစဉ်
Photo: Citizen Journalist

ကချင်ပြည်နယ်၊ မန်စီမြို့က မြို့မရဲစခန်းကို ကချင်လွတ်မြောက်တပ်မတော် KIA က မေလ (၃) ရက် မနေ့ ညပိုင်းက ဝင်တိုက်ခဲ့တာကြောင့်၊ မြို့နယ် ရဲမှူးတစ်ဦး သေဆုံးခဲ့တယ်လို့ ကေအိုင်အေက RFA အတည်ပြု ပြောဆိုပါတယ်။

မေလ (၃) ရက် မနေ့ည (၈) နာရီဝန်းကျင်လောက်က ကချင်ပြည်နယ်၊ မန်စီမြို့ပေါ်က မြို့မရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဝင်ရောက်စီးနင်းရာမှာ သုံးနာရီလောက်ကြာအောင် နှစ်ဘက် တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် မန်စီမြို့နယ် ရဲမှူး ဟိန်းထက် သေဆုံးပြီး၊ မန်စီ စခန်းမှူးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကေအိုင်အေ သတင်းပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် နေရာအနှံ့မှာ၊ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေ ဖြစ်နေပေမယ့် မန်စီမြို့မှာတော့ ဒါဟာ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့ မန်စီမြို့ခံတစ်ဦးက ပြောပါတယ်။

မနေ့ညကတိုက်ပွဲအတွင်း မန်စီမြို့နယ် ရဲမှူး သေဆုံးပြီး၊ စခန်းမှူး ဒဏ်ရာရခဲ့ပုံကို မန်စီမြို့ခံတစ်ဦးက RFA ကို ပြောပြပါတယ်။

"မနေ့ညက အဲ့ဒီစခန်းမှူးနဲ့ မြို့နယ်မှူးက အပြင်ထွက်လည်တယ်။ လောပန်းဖိုးသားရဲ့ ရေကူးကန် လုပ်ထားတဲ့နေရာမှာ ထွက်လည်ပြီးမှ သေနတ်သံကြားမှ ပြန်ပြေးလာကြတာ ။ ဂိတ်ကလည်းရှိတော့ တံခါးက ဂိတ်သမားတွေကလည်း မဖွင့်ပေးဘူးနဲ့ တူပါတယ်။ အဲ့မှာ ရပ်နေရတဲ့အချိန်မှာ ပစ်တာတဲ့။ မြို့နယ်မှူးကတော့ ဗိုက်ပွင့်သွားပြီးမှ စခန်းမှူးကျတော့ လည်ပင်းလောက်ပဲ ရှပ်ထိတယ်လို့ ပြောတာပဲ။ သူတို့ရဲ့ ဟိုတစ်ယောက်ရဲ့ အလောင်းကိုကျတော့ ဟိုအနောက်လမ်းကြားကနေ အပြင်ထုတ်သွားတယ် ထင်တယ်။ ညက အဲလိုမြင်လိုက်တယ်။"

မနေ့ညက တိုက်ပွဲဖြစ်ခဲ့ပေမယ့် ဒီနေ့မှာတော့ မန်စီ မြို့သူမြို့သားတွေဟာ ပုံမှန်သွားလာနေကြတယ်လို့ သူက ပြောပါတယ်။

မနေ့ညက ကချင်လွတ်မြောက်ရေးတပ်မတော် မန်စီရဲစခန်းကို KIA ဝင်မတိုက်ခင်အချိန်မှာ အနားမှာရှိတဲ့ စစ်ကောင်စီတပ်တွေက အဲဒီရဲစခန်းကို ပူးတွဲ လုံခြုံရေးယူထားသေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်မှာတော့ ရဲစခန်းရှိတဲ့နေရာကို အသွားအလာ ကန့်သတ်ထားပြီး၊ တပ်မတော်က ပစ်ကူ လက်နက်ကြီးတွေ ရဲစခန်းမှာ တပ်ဆင်ပေးထားတယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။

မနေ့ညက တိုက်ပွဲကြောင့် ရဲစခန်းနားက နေအိမ်တချို့ လက်နက်ကျည်တွေ ထိမှန်လို့ အုတ်နံရံ ပြိုကျ ပျက်စီးတာတွေ၊ အဆောက်အဦတချို့ ပျက်စီးဆုံးရှုံးတာတွေ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိအခြေနေအထိတော့ မနေ့ညက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် သေဆုံးခဲ့တဲ့ မြို့နယ် ရဲမှူး ဟိန်းထက် ကလွဲရင် ကျန်တဲ့ ရဲစခန်းထဲမှာရှိတဲ့သူတွေရဲ့ အကျအဆုံး၊ အထိခိုက် စာရင်းကို အတည်ပြုနိုင်ဖို့ RFA က ဆက်လက်စုံးစမ်းနေဆဲဖြစ်ပါတယ်။

ဒီကိစ္စအသေးစိတ်သိနိုင်ဖို့အတွက် စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ မန်စီ ရဲစခန်းကို ဝင်တိုက်ခဲ့တာ ဟုတ်မှန်တယ်လို့ အတည်ပြုပါတယ်။

"အောက်ခြေရဲ့ သတင်းတော့ ကျွန်တော်ဘာမှ မကြားသိရသေးပါဘူး။ ဒါပေမဲ့ ဝင်တိုက်တယ် ဆိုတာ ကတော့ ဟုတ်မှန်ပါတယ်ခင်ဗျ။ မနေ့ညက (၈) နာရီကနေဖြစ်တယ်လို့ ကြားရပါတယ်။ ဒါပေမဲ့ အောက်ခြေ သတင်းတွေတော့ ဘာမှမကြားရသေးဘူးခင်ဗျ။ Online Social Media မှာ တက်လာတဲ့ သတင်းတွေတော့ သိရပါတယ်။"

မြို့ခံတစ်ဦးကတော့

"မနေ့ညက တိုက်ပွဲကြောင့် မန်စီမြို့မ ရဲစခန်းက ရဲမိသားစုဝင်တွေတချို့ ဒီကနေ့ အထုပ်အပိုးတွေနဲ့ နေရာပြောင်းရွှေ့တာကို တွေ့ရတယ်" လို့ ပြောပါတယ်။

မန်စီမြို့မှာ စစ်တပ်က အမှတ် (၃၁၉) နဲ့ (၆၀၁) တပ်ရင်းတွေ ထိုင်ထားတာဖြစ်ပြီး မနေ့ညက ပစ်ခတ်ခံခဲ့ရတဲ့ ရဲစခန်းဝန်းကျင်မှာတော့ အနီးဆုံးတပ်ရင်းဖြစ်တဲ့ (၃၁၉) က ရဲစခန်းဝန်းကျင်မှာ လုံခြုံရေးယူနေတာမျိုး လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ မနက်ပိုင်းကလည်း မိုးမောက်မြို့နယ် ကုန်းလော့၊ စီဟက် စတဲ့ကျေးရွာတစ်ဝိုက် ဗုံးလာကြဲတဲ့ စစ်ရဟတ်ယာဉ်ကို ကေအိုင်အေ ဘက်က ပစ်ချပြီးတဲ့နောက်၊ စစ်တပ်ဘက်ကလည်း အဲဒီရွာတွေကို လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် ကုန်းလော့ရွာက သံဃာတော်တစ်ပါးနဲ့ အရပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ Kachin Waves သတင်းဌာနက ဒီနေ့ရေးထားပါတယ်။

ဒီသေဆုံး ထိခိုက်မှုနဲ့ပတ်သက်ပြီး သီးသန့်အတည်ပြုနိုင်ဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိနိုင်ငံရေးဟာ စစ်ရေးနဲ့ သွားမယ့်အနေထားမျိုးကို တွေ့နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကချင်ပြည်နယ်တွင်း နိုင်ငံရေး သုံးသပ်လေ့လာသူ တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ အခု လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေနေက ပိုလို့ပေါ့ အကုန်လုံးလည်း သိတဲ့အတိုင်းပဲ စစ်တိုက်ပေါ့နော်။ စစ်ဘောင်ဘက်က အများကြီးသွားနေကြတယ်ဆိုတဲ့ဟာမျိုးကို တွေ့ရမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ နေ့စဉ်တိုင်းဆို စစ်ရေးပဋိပက္ခတွေ ရှိနေတာမျိုးကို တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံရေးကကျတော့ ပိုပြီးတော့မှ စစ်ရေးနဲ့ သွားနေကြတယ်၊ သွားကြမယ်ဆိုတဲ့ သဘောတရားမျိုးကို တွေ့ရတယ်။"

KIA က၊ စစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို ဝင်ရောက်စီးနင်း ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရှိသလို စစ်ကြောင်းတွေနဲ့ ရိက္ခာပို့တဲ့ ယာဉ်တန်းတွေကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲငယ်မျိုးတွေလည်း ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ KIA တို့အကြား ဖေဖော်ဝါရီ (၁၅) ရက်ကစလို့ ဒီနေ့ထိ၊ ရက်ပေါင်း (၈၀) နီးပါးအတွင်း၊ တိုက်ပွဲပေါင်း (၁၀၀) ကျော်ဖြစ်ခဲ့ပြီး၊ စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေနဲ့ ထိုးစစ်ဆင်ခဲ့တဲ့ ရက်ပေါင်း (၃၀) ထက်မနည်းရှိပြီလို့ ကေအိုင်အေ က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် သေဆုံးသူ သံဃာတော် နှစ်ပါးနဲ့ အရပ်သား စုစုပေါင်း (၁၃) ယောက်ရှိခဲ့ပြီလို့ ဒေသ အခြေစိုက် ကချင်သတင်းဌာနတွေက အသီးသီး သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့