နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြဋ္ဌာန်းမယ်လို့ UEC ပြော

လာမယ့် ရွေးကောက်ပွဲမှာ ပိုပြီးခိုင်မာအားကောင်းတဲ့ နိုင်ငံရေးပါတီတွေ ပေါ်ထွက်လာစေဖို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ပြောပါတယ်။

နိုဝင်ဘာလ ၁၈ ရက်၊ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ (၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ UEC ပြောခွင့်ရသူ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ထည့်သွင်းပြောခဲ့တာပါ။

"နိုင်ငံရေးပါတီ (၉၀) ကျော်ရှိပေမယ့် ရွေးကောက်ပွဲတွေမှာ အနိုင်ရတဲ့ပါတီက (၂၀) ဝန်းကျင်ခန့်သာ ရှိပါတယ်။ ရွေးကောက်ပွဲတွေ လုပ်တဲ့အခါမှာလည်း အိမ်ပြည့် (၃) နေရာသာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေများပါတယ်။ အဲဒါကြောင့် ပိုမိုခိုင်မာ အားကောင်းတဲ့ နိုင်ငံရေးပါတီတွေဖြစ်ဖို့အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ပြဋ္ဌာန်းရခြင်းဖြစ်ပါတယ်"

အခုလို ဥပဒေအသစ်ကို ပြဋ္ဌာန်းလိုက်တဲ့အတွက် လက်ရှိ တည်ဆဲနိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေရှိသလို နိုင်ငံရေးပါတီအသစ်တွေ အနေနဲ့လည်း တည်ထောင်ခွင့် မှတ်ပုံတင်ခွင့်တွေ လျှောက်ထားဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေဟာ ပါတီတွေအတွက် အဆင်ပြေမယ် လို့ မထင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးထွန်းအောင်ကျော်က RFA ကို ပြောပါတယ်။

"စစ်ပုံစံနဲ့ အုပ်ချုပ်နေတဲ့အချိန်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အသစ်ဆွဲမယ်ဆိုရင်တော့ ပျော့ပျော့ပျောင်းပျောင်းနဲ့ ဖြစ်မယ့်အခြေအနေတော့ မတွေ့ဘူး။ တင်းကျပ်ဖို့အခြေအနေပဲ ပိုလာလိမ့်မယ်လို့ မြင်ပါတယ်"

၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးဟာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်ထဲမှာ ပါဝင်တာကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အခြေအနေ၊ ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်တွေကိုလည်း အချိန်မီ ထုတ်ပြန်ပေးသွားမယ်လို့ UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။

လတ်တလော ပဋိပက္ခတွေ ရှိနေပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးတွေအတွက် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့လည်း ဦးခင်မောင်ဦးက ဆိုပါတယ်။

လက်ရှိ UEC မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ (၉၁) ပါတီ ရှိပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ မဲအပြတ်အသတ် အနိုင်ရထားတဲ့ NLD ပါတီကတော့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို ပါဝင်မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။