တိုက်ပွဲတွေဟာ ရွေးကောက်ပွဲကိုထိခိုက်ကြောင်း USDP အပါအဝင် ၂၄ ပါတီကန့်ကွက်

RFA Burmese
2024.03.17
တိုက်ပွဲတွေဟာ ရွေးကောက်ပွဲကိုထိခိုက်ကြောင်း USDP အပါအဝင် ၂၄ ပါတီကန့်ကွက် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်။
Myanmar Military

သုံးနှစ်နီးပါးကြာလာတဲ့ နိုင်ငံတစ်ဝန်းက လက်နက်ကိုင်ခုခံတော်လှန်မှုနဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အတားအဆီးဖြစ်နေတာကြောင့် ဆန့်ကျင်၊ ကန့်ကွက်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ ၂၄ ပါတီက သဘောထားထုတ်ပြန်ပါတယ်။

မတ်လ ၁၆ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီသဘောထားထုတ်ပြန်ချက်ထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလည်းပါသလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီလည်း ပါဝင်ပါတယ်။

နှစ်နှစ်တာကာလအတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ နိုင်ငံပိုင်အဆောက်အအုံ၊ စက်ရုံ၊ အလုပ်ရုံ၊ လမ်း၊ တံတားတွေ ဖျက်ဆီးခံခဲ့ရသလို သေဆုံးခဲ့တဲ့ အရပ်သားကလည်း ၈၉၀၀ ကျော်အထိရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ သေဆုံးတာနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အခြေအနေတွေကိုတော့ အဲဒီ နိုင်ငံရေးပါတီတွေက ထုတ်ဖော်ရေးသားထားတာ မရှိပါဘူး။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်သိန်းကတော့ လက်ရှိနိုင်ငံတစ်ဝန်းက အခြေအနေတွေကြောင့် ရွေးကောက်ပွဲဖြစ်လာမယ့် အခြေအနေမရှိဘူးလို့ RFA ကို ပြောပါတယ်။

“ဒီနေ့အခင်းအကျင်းအရတော့ ရွေးကောက်ပွဲက ဖြစ်ဖို့အလားအလာ နည်းတယ်ပေါ့လေ။ ဘယ်လိုမှ ရွေးကောက်ပွဲလုပ်ဖို့ အခြေအနေမရှိဘူး။ ငြိမ်းချမ်းရေးမရှိရင် ရွေးကောက်ပွဲမပြောနဲ့ စီးပွားရေးရော၊ လူမှုရေးရော အကုန်ဆုံးရှုံးမှာပဲ”

နိုင်ငံတစ်ဝန်းက ပဋိပက္ခတွေကို လက်နက်နဲ့ဖြေရှင်းတာထက် နှစ်ဖက်စလုံးအနေနဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့လည်း ဦးခင်မောင်သိန်းက တိုက်တွန်းပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း အရပ်သား ၄၇၀၀ သေဆုံးခဲ့ရပြီလို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။