နိုင်/ကျဉ်းတွေကို ရာဇဝတ်အကျဉ်းသားတွေ နေ့တိုင်းရိုက်နှက်နေတယ်လို့ နီးစပ်သူတွေပြော

2022.11.13
နိုင်/ကျဉ်းတွေကို ရာဇဝတ်အကျဉ်းသားတွေ နေ့တိုင်းရိုက်နှက်နေတယ်လို့ နီးစပ်သူတွေပြော ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် အဆောက်အအုံကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: YE AUNG THU / AFP

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာဌာနမှာ ဗုံးပေါက်ကွဲပြီးနောက်ပိုင်း အင်းစိန်အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်အကျဉ်းသားတွေက နေ့တိုင်းလိုလို ရိုက်နှက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"အင်းစိန်အကျဉ်းထောင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ကို ရာဇဝတ်အကျဉ်းသားတွေက ရိုက်နှက်တယ်။ ဝင်လာသမျှ နိုင်ငံရေး အကျဉ်းသား တွေ ရိုက်တယ်။ ဗုံးပေါက်ပြီးလို့ အဆောင်ပိတ်ထားတဲ့ နောက်ပိုင်းမှာ နေ့တိုင်း အရိုက်ခံရတယ်။ အိပ်ဆောင် (၃) အရှေ့မှာ ဓာတ်တိုင်ဖက်ခိုင်းပြီးတော့ ရိုက်တာ"

ထောင်အာဏာပိုင်တွေက ရာဇဝတ်အကျဉ်းသားတွေကို ရိုက်ခိုင်းတာဖြစ်ပြီး အဲဒီလို ရိုက်နှက်နေတာကြောင့် နိုင်ငံရေးအကျဉ်းသားအချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်းစိန်အကျဉ်းထောင်ထဲမှာ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် ကြိုးပေးကွပ်မျက်ခံရသူတွေအတွက် သုံးလပြည့်လှုပ်ရှားမှုလုပ်ချိန် ပါဝင်ခဲ့လို့ ရိုက်နှက် ခံရပြီး တိုက်ပိတ်ခံရသူ လေးဦးကတော့ အခုအချိန်အထိ တိုက်ပိတ်ခံထားရဆဲ ဖြစ်တယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

"သုံးလပြည့်ကို နိုင်ငံရေးအကျဉ်းသားတွေက သူတို့ရဲ့လက်မှာ လိမ္မော်ရောင် လက်ပတ်တွေ ပတ်ကြတယ်။ အဲဒါကို တန်းစီးကနေပြီးတော့ ထောင်အာဏာပိုင်ကို သွားတိုင်တဲ့အခါမှာ ၂၁ ယောက် အရိုက်ခံရတယ်။ လေးယောက်က ပြစ်ဒဏ်တိုက်ထဲ ထည့်ခံရတယ်"

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၁၁ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကစလို့ အခုနှစ် နိုဝင်ဘာ ၁၀ ရက်အထိ စုစုပေါင်း ၁၂,၉၄၂ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ၁,၆၃၇ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။