စစ်ကောင်စီလွတ်ငြိမ်းမှာ နိုင်ကျဉ်း ၄၀၂ ဦးပဲ ပါဝင်ကြောင်း AAPP ထုတ်ပြန်

စစ်ကောင်စီရဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် ခြောက်ထောင်နီးပါးမှာ နိုင်ငံရေးအကျဉ်းသား ၄၀၂ ဦး (၆ ဒသမ ၉ ရာခိုင်နှုန်း) သာ ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့မှာ သတင်းထုတ်ပြန် ပါတယ်။
အမျိုးသားနေ့အထိမ်းအမှတ် အကျဉ်းသား၊ အကျဉ်းသူ ၅,၇၇၄ ဦး လွှတ်ပေးမယ်လို့ စစ်ကောင်စီဘက်က ကြေညာပြီးနောက် ထောင်ပေါင်း ၁၉ ခုကနေ နိုင်ကျဉ်း ၄၀၂ ဦးသာ လွတ်မြောက်ခဲ့တယ်လို့ AAPP က ရေးသားထားပါတယ်။
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အထဲမှာမှ နိုဝင်ဘာလ ၂၁ ရက်နေ့ ဒီနေ့နေ့လယ်အထိ ၁၆၁ ဦးကို နာမည်နဲ့တကွ မှတ်တမ်းပြုစုထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံခြားသားတွေဖြစ်တဲ့ NLD အစိုးရ စီးပွာရေး အကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်၊ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦး၊ ဂျပန် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တိုရူကူဘိုတာတို့ ပါဝင်ခဲ့ပြီး သူတို့ကိုတော့ နေရပ်ကိုပြန်ပို့ခဲ့တာပါ။
နိုင်ငံခြားသားတွေ ပြန်လွှတ်တာဟာ နိုင်ငံရေးအရ အပေးအယူမဟုတ်ဘဲ နိုင်ငံတကာ ဆက်ဆံရေးအရ ပြန်လွှတ်ပေးတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့၊ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
စစ်ကောင်စီလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ခုနစ်ကြိမ်နဲ့ စုစုပေါင်း ခြောက်သောင်း နီးပါး လွှတ်ပေးခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။