ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး အချိန်မီဆေးကုသခွင့်မရဘဲ သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ ဆေးဝါးကုသမှု အချိန်မီ အလုံအလောက်မရတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး မေလ ၈ ရက်နေ့ည ၈ နာရီမှာ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ထုတ်ပြန်ပါတယ်။

သေဆုံးသွားသူဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၀ (ည)နဲ့ ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခံထားရတဲ့ အသက် ၃၂ နှစ်အရွယ် ကိုလင်းလင်းထွန်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုလင်းလင်းထွန်းဟာ စစ်ကြောရေးမှာ နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် မေလ ၈ ရက်နေ့ ညနေပိုင်းမှာမှ အကျဉ်းထောင်ပြင်ပဆေးရုံကို ဆေးကုသဖို့သွားခဲ့ရပေမဲ့ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။

"ထောင်ထဲမှာ ဘာရောဂါဖြစ်ဖြစ် ပါရာကတ်နဲ့ စီဗစ် (CVit) ပဲပေးတာဆိုတော့ အချိန်မီ ဆေးဝါးကုသမှုမရလို့ ဆုံးသွားတာပေါ့။ ထောင်မှာက ဘာနိုင်ငံခြားဖြစ်ဆေးဝါးမှလည်း မရှိသလို၊ ဘာဆေးဝါးမှလည်း အထဲကို ပေးမသွင်းဘူး။ အဲဒါကြောင့် ထောင်ထဲမှာ ကျန်းမာရေးမကောင်းရင် သေတာကများတာ။ ကိုလင်းလင်းထွန်းကိုလည်း အာဏာပိုင်တွေက ထောင်ပြင်ပဆေးရုံကိုတင်မယ်ဆိုရင် သေဆုံးမှာမဟုတ်ဘူး"

နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ အချိန်မီ ဆေးဝါးကုသခွင့်မရဘဲ သေဆုံးနေရတဲ့အပေါ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေနဲ့ အကျဉ်းထောင်တွေထဲ ဝင်ရောက်လေ့လာစေချင်တယ်လို့လည်း ဆိုပါတယ်။

ကိုလင်းလင်းထွန်းကို ထောင်ပြင်ပမှာ ဆေးကုသခွင့်ရဖို့ ထောင်အာဏာပိုင်တွေကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ ခွင့်ပြုမပေးခဲ့ဘဲ သေဆုံးမယ့်နေ့ ညနေမှာသာ ခွင်ပြုပေးတာလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ စာရင်းအရ ဒိုက်ဦးအကျဉ်းထောင်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ကနေ မေလ ၈ ရက်နေ့အထိ လေးလအတွင်း အချိန်မီဆေးကုသခွင့်မရလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား သုံးဦးရှိပြီ ဖြစ်ပါတယ်။