ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ အသက် ၆၆ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးခင်စိုးဟာ ဆေးကုသခွင့် အပြည့်အဝမရဘဲ မတ်လ ၆ ရက်နေ့မှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ ဦးခင်စိုးဟာ အကျဉ်းထောင်ထဲမှာ ဆီးချုပ်၊ ဝမ်းချုပ်ရောဂါခံစားခဲ့ရပြီး အချိန်မီ ဆေးကုသခွင့်မရလို့ သေဆုံးခဲ့တာလို့ RFA ကို ပြောပါတယ်။

“အပြင်းအထန်နာမကျန်းဖြစ်တော့ မနက်အစောပိုင်း ဒိုက်ဦးဆေးရုံကိုပို့တာ လမ်းမှာပဲ သေဆုံးသွားတယ်။ သူသေဆုံးတာကို ထောင်ဝင်စာ သွားပို့တဲ့လူတွေကနေ ပြန်သိရတာ။ မိသားစုတွေကလည်း အကုန်တကွဲတပြားစီ ဖြစ်နေတဲ့အပြင် ဦးခင်စိုးတို့အိမ်ကလည်း ချိပ်ပိတ်ခံထားရတယ်”

သေဆုံးသူ ဦးခင်စိုးရဲ့သားဖြစ်သူဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းက ဝေါမြို့နယ် ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးခင်စိုးနေထိုင်ရာ ကဒွတ်ရွာကိုလာရောက်ဖမ်းဆီးချိန် သားဖြစ်သူ ဖမ်းမမိတာကြောင့် သူ့ကို စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာလထဲမှာ ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် ဝေါမြို့နယ် တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(ခ) တို့နဲ့ ထောင်ဒဏ် ၁၄ နှစ် အမိန့်ချခဲ့ပြီး ဒိုက်ဦးအကျဉ်းထောင်မှာ အကျဉ်းချခံထားရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကတော့ အကျဥ်းထောင်တွေထဲ ဆေးဝါးကုသခွင့် မလုံလောက်တာဟာ အကျဥ်းကျနေသူတွေရဲ့ အသက်ရှင်ပိုင်ခွင့် ဆုံးရှုံးစေတယ်လို့ RFA ကိုပြောပါတယ်။

ဦးခင်စိုးမသေဆုံးခင် လွန်ခဲ့တဲ့နှစ်လကတည်းက ဆေးကုသခွင့်အတွက် ထောင်အာဏာပိုင်တွေကို စာတင်ခဲ့ပေမယ့် သေဆုံးချိန်အထိ ဆေးကုသခွင့် အလုံအလောက်မရခဲ့ဘူးလို့ သူကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် (PPNM)ရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ကနေ မတ်လ ၇ ရက် ဒီနေ့အထိ နိုင်ငံတစ်ဝန်းက အကျဥ်းထောင်ထဲမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးအထိ ရှိလာပါပြီ။