ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား ရှစ်ဦး နိုဝင်ဘာလ ၁၇ ရက်၊ ဒီနေ့ လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်ရှေ့ သွားရောက် စောင့်ဆိုင်းနေသူတစ်ဦးက ပြောပါတယ်။
လွတ်မြောက်လာသူတွေဟာ လားရှိုးမြို့ခံ သုံးဦး၊ မဘိမ်းမြို့ခံ သုံးဦးနဲ့ မူဆယ်မြို့က နှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ထောင်ဒဏ် ချမှတ်ခံထားရသူတွေ ဖြစ်ပြီး အကျဉ်းထောင်အတွင်းမှာ တစ်နှစ်ကျော်ကြာ နေထိုင်ခဲ့ကြရတယ်လို့ လွတ်မြောက် လာသူတွေနဲ့ နီးစပ်သူအချို့က ပြောပါတယ်။
လားရှိုးအကျဉ်းထောင်ကနေ တခြားရာဇဝတ်မှုနဲ့ အကျဉ်းကျနေသူ (၈၀) ဝန်းကျင်လောက် လည်း လွတ်ဖို့ရှိတယ်ဆိုပေမယ့် နေ့လယ်ပိုင်းအထိ နိုင်ငံရေးအကျဉ်းသား ရှစ်ဦးကို သာလွတ်ပေးသေးတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ တောင်လေးလုံး အကျဉ်းထောင်ကနေတော့ အကျဉ်းသား ၉၀ ဦး လွတ်မြောက်မှာဖြစ်ပြီး အဲဒီမှာ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံရသူ ၅၇ ဦး ပါဝင်မယ်လို့ ကနဦးသိရှိရကြောင်း နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
လွတ်မြောက်မယ့်သူတွေထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာ မမြဝန်းရံ၊ ရှမ်းပြည်နယ်တောင်ပိုင်း အရပ်ဖက်အဖွဲ့အစည်းက ကိုသူရိန်စိုး တို့နှစ်ဦး ပါဝင်တယ်လို့ ရှေ့နေက ပြောပါတယ်။
တခြားရာဇတ်မှုနဲ့ ပြစ်ဒဏ်ကျနေသူတွေထဲကတော့ ခြောက်လအောက် လွတ်ရက်စေ့ကာ နီးသူတွေ အများဆုံး ပါဝင်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ လွှတ်ပေး လိုက်သူတွေကို တောင်လေးလုံး အကျဉ်းထောင်ကနေ သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ရဲစခန်းတွေကနေတစ်ဆင့် ခံဝန်နဲ့ ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေ့မှာကျရောက်တဲ့ အမျိုးသားနေ့အထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးက အကျဉ်းသား ၅၇၇၄ ဦးကို ပြန်လွှတ်ပေးမှာဖြစ်ပြီး အဲဒီအထဲမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၆၁၈ ဦးနဲ့ အကျဉ်းသူ ၉၄ ဦး ပါဝင်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။