မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူအကျဉ်းထောင်မှာ အချုပ်ကျနေတဲ့ နိုင်ငံရေး အချုပ်သား ၅ဦး ထောင်ဖောက်လွတ်မြောက်ရာမှ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ပခုက္ကူအခြေစိုက်ကာကွယ်ရေးတပ် Young Force-UG အဖွဲ့က စက်တင်ဘာလ ၁၁ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီနိုင်ငံရေး အချုပ်သားငါးဦးထဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားသုံးဦး ပါဝင်ပြီး ဘယ်လိုလွတ်မြောက်သွားတယ်ဆိုတဲ့ အသေးစိတ်တော့ မသိရဘူးလို့ ပခုက္ကူမြို့ ဒေသခံတွေက ဆိုပါတယ်။
နိုင်ငံရေးပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရဆဲ ဖြစ်တာကြောင့် အကျဆောင်ဘက်ကို မရောက်သေးဘဲ အချုပ်ဆောင်ကနေ ထွက်ပြေးလွတ်မြောက်တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။
"ထောင်ဖောက်ပြေးတယ်လို့ ကြားတယ်။ ပခုက္ကူမှာတော့ ဒါပထမဆုံး ကြားဖူးတာပဲ။ မြို့ထဲတော့ ခွေးတွေရော၊ ရဲတွေရော၊ စစ်သားတွေရော အကုန်လိုက်ရှာနေတာ တွေ့တယ်။ ပခုက္ကူ- မုံရွာကားလမ်းမကိုလည်း ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားတယ်လို့ ကြားတယ်၊ တစ်မြို့လုံးတော့ ငြိမ်ကုပ်နေရတာပေါ့"
ထွက်ပြေးလွတ်မြောက်သွားတဲ့ နိုင်ငံရေးအချုပ်သားတွေနဲ့ ပတ်သက်ပြီး ထောင်ထဲက အချုပ်ဆောင်မှာ တာဝန်ကျနေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတချို့ကိုလည်း စစ်ကြောရေးကို ခေါ်ဆောင်မေးမြန်းနေတယ်လို့ ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
စစ်အာဏာသိမ်းထားတဲ့ ၁၉လ အတွင်းမှာ နိုင်ငံတစ်ဝန်းက ပြည်သူ ၁၂,၃၄ဝ ဦး ဖမ်းဆီးခံထားရကာ၊ အဲဒီအထဲက ၁,၄၄၈ဦး ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။