တနင်္သာရီတိုင်းမှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အကျဉ်းထောင်အသီးသီးက ဒီနေ့ ပြန်လွတ်လာသူ ၁၀၅ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးသာ ပါဝင်တယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) က တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
"တနင်္သာရီတိုင်းမှာဆိုရင် နိုင်/ကျဉ်းက ထားဝယ်မှာ လေးယောက်၊ မြိတ်မှာ သုံးယောက်၊ ကော့သောင်းမှာ ငါးယောက် အကုန်လုံး ၁၂ ယောက်ပဲ ပါတယ်။ အဲဒီလူတွေက လွတ်ရက်စေ့ဖို့ တစ်လခွဲကျော်လောက်ပဲ လိုတော့တဲ့ သူတွေချည်းပဲ"
နိုင်ငံရေးအကျဉ်းသားတွေဟာ လွတ်ငြိမ်းချမ်းသာပေးမှုမှာ ၁၁ ရာခိုင်နှုန်းခန့်သာ ပါဝင်ခဲ့ပေမယ့် အဂတိလိုက်စားမှုနဲ့ အရေးယူခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်လည်း လွတ်ငြိမ်းမှာ ပါဝင်တယ်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရ ဦးယဉ်ထွေးက RFA ကို ပြောပါတယ်။
"စုစုပေါင်း ကျနော်ပြောမယ် ၁၀၅ ယောက်။ ကျား ၈၃ ဦး၊ မ ၂၂ ပါ။ တနင်္သာရီတိုင်း တစ်ခုလုံး ၁၀၅ ယောက်ပါ။ ဒေါ်လဲ့လဲ့မော်လည်း လွတ်တယ်။ ၅၀၅-က လည်းပါတယ်"
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် ၂၀၂၀ ခုနှစ်၊ မေလ ၂၀ ရက်နေ့က အဂတိလိုက်စားမှု ကျုးလွန်တယ်ဆိုပြီး ထောင်အနှစ် ၃၀ ကျခံဖို့ အမိန့်ချမှတ်ခံထားရသူ တစ်ဦးဖြစ်ပါတယ်။
ဒီနေ့ လွတ်မြောက်လာသူတွေဟာ ထားဝယ်အကျဉ်းထောင်က ၃၂ ဦး၊ မြိတ် အကျဉ်းထောင်က ၄၀ ဦး၊ ကော့သောင်းအကျဉ်းထောင်က ၂၀ ဦး၊ ဆင်ဖြူရှင် ရဲဘက်စခန်းက ၁၃ ဦးတို့ ပါဝင်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောပါတယ်။
စစ်ကောင်စီဟာ အမျိုးသားနေ့အထိမ်းအမှတ်နဲ့ တနင်္သာရီတိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ အကျဉ်းသား၊ အကျဉ်းသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနေပေမယ့် ပြီးခဲ့တဲ့လက ထောင် ၄၆ နှစ်အထိ ချမှတ်ခံထားရတဲ့ ထားဝယ်မြို့က ကိုထွန်းထွန်းဦး၊ ထောင် ၄၁ နှစ်ချခံရတဲ့ ကိုရာဇာထွန်း၊ ထောင် ၃၁ နှစ်ချခံရတဲ့ ကိုစိုင်းမင်းသူတို့ အပါအဝင် နှစ်ရှည်ထောင်ချခံရတဲ့ နိုင်/ကျဉ်းတွေကိုတော့ ပြန်လွတ်ပေးတာ မရှိသေးပါဘူး။
ထားဝယ် နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (DPPN) ရဲ့ စာရင်းတွေအရ အာဏာသိမ်း ချိန်ကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ထားဝယ်ထောင်ထဲမှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀၀ ဝန်းကျင်ရှိပြီး အဲဒီအထဲမှာ အမိန့်ချခံထားရသူ အမျိုးသား ၂၁၀ ဦးခန့်နဲ့ အမျိုးသမီး ၄၂ ဦး အပါအဝင် စုစုပေါင်း ၂၅၀ ကျော် ရှိနေပါတယ်။