ဧရာ၀တီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားငါးဦး အပါအဝင် ခုနစ်ဦးကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ စစ်ကောင်စီက သေဒဏ်ထပ်မံချမှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
(PDF) လို့ စွပ်စွဲပြီး ဖျာပုံမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုသူရဖြိုး၊ ကိုထွန်းထွန်းဦး၊ ကိုကျော်ဆန်းဦး၊ ကိုကိုအောင်၊ ကိုအောင်မိုးမြင့်၊ ကိုဝင်းမြတ်သိန်းဇော်နဲ့ ကိုကောင်းစည် သူတို့ကို သေဒဏ် ချမှတ်လိုက်တာလို့ ဆိုပါတယ်။
အခုသေဒဏ်ချမှတ်ခံရသူ ခုနစ်ဦးဟာ ဖျာပုံမြို့တွင်း စစ်ကောင်စီသတင်းပေးတွေကို ရှင်းလင်းရာမှာ ပါဝင်တယ်လို့ စွပ်စွဲခံရပြီး ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးခံခဲ့ရတာပါ။
သူတို့ကို ပုသိမ်ထောင်တွင်းမှာပဲ ရုံးထုတ်ပြီး ရာဇသတ်ကြီးပုဒ်မ ၁၀၉၊ လူသတ်မှု ပုဒ်မ ၃၀၂-၁(ခ) နဲ့ ဖျာပုံခရိုင် တရားသူကြီးက အမိန့်ချလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီပုသိမ်အချုပ်ဆောင်မှာပဲ သေဒဏ်ကျ အကျဉ်းသားတွေထားတဲ့ အကျဉ်းဆောင်မှာပေါ့နော် အဲဒီကနေ ရုံးထုတ်ပြီး ဖျာပုံခရိုင်တရားသူကြီးက အမိန့်ချတယ်ပေါ့ဗျာ။ ရာဇသတ်ကြီးပုဒ်မ ၁၀၉၊ လူသတ်မှု ပုဒ်မ ၃၀၂ - ၁ (ခ) တွေနဲ့ သေဒဏ်ချလိုက်တာပါ”
အဲဒီအထဲက ကိုသူရဖြိုး၊ ကိုထွန်းထွန်းဦး၊ ကိုကျော်ဆန်းဦး၊ ကိုကိုအောင်နဲ့ ကိုအောင်မိုးမြင့်တို့ ငါးဦးဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ပုသိမ်ထောင်တွင်းတရားရုံးကနေ သေဒဏ်အသီးသီး ချမှတ်ခံထားရသူတွေ ဖြစ်ပါတယ်။
ဖျာပုံမြို့နယ်မှာ အခုလိုသေဒဏ်ချမှတ်ခံရသူ ၁၄ ဦးအထိရှိလာပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် သေဒဏ်အမိန့်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၆၃ ဦးရှိခဲ့ပါတယ်။