ပုဏ္ဏားကျွန်းမှာ လက်နက်ကြီးကြောင့် ဒေသခံသုံးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်သံခြေရွာထဲ မတ်လ ၁၅ ရက်နေ့လယ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့နယ် ပါဒလိပ်ရွာ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ -၃၄၄က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ လို့ ပြောပါတယ်။

အမျိုးသမီးနှစ်ဦးဟာ ခါးအောက်ပိုင်းမှာ ပြင်းထန်ဒဏ်ရာရခဲ့ပြီး အမျိုးသားတစ်ဦးကတော့ ခြေထောက်ထိမှန် ခဲ့တာပါ။

ပုဏ္ဏားကျွန်းမြို့ကို AA က မတ်လ ၄ ရက်မှာ သိမ်းယူပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ နေ့စဉ်ပစ်ခတ်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျောက်သံခြေမှာက သုံးယောက်ထိထားတယ်၊ ပြင်းထန်ဒဏ်ရာရထားတယ်။ အဲဘက်က မြို့နဲ့လည်းဝေးတယ်။ ဖုန်းလိုင်းနဲ့ မရတော့ အသေးစိတ်တော့ မသိရသေးဘူး။ ပုဏ္ဏားကျွန်းကို AA က သိမ်းပြီးနောက်ပိုင်းက ပိုဆိုးလာတယ်၊ နှစ်ရက်ခြား တစ်ခါလောက်တော့ ပစ်နေတော့ ဒေသခံတွေက ကျီးလန့်စာ စားပြီး နေရတာပေါ့"

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

AA ရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ စစ်ရေးပဋိပက္ခအတွင်း အရပ်သား ၁၁၁ ဦးသေဆုံးပြီး ၃၅၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။