စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့မှာ လူနေအိမ်နဲ့ ဘာသာရေးအဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အပျက်အစီးကတော့ တော်တော်များတယ်။ အရေအတွက်အတိအကျတော့ မသိရသေးဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ မြို့တွင်းကို ဝင်လို့မရသေးတော့ အတိအကျ မသိရသေးဘူး"
လက်ရှိ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ AA တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး တိုက်ပွဲဖြစ်တာတွေလည်း မရှိတော့ဘူးလို့ သူက ပြောပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၉ ခုနှစ် စာရင်းတွေအရ လူဦးရေ ၁၃၉,၆၇၄ ဦး ရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ မြို့နေလူဦးရေအကုန်လုံးဟာ နေရပ်မပြန်နိုင်သေးဘူးလို့ သူက ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ရက္ခိုင့်တပ်တော် (AA) ဟာ မတ်လ ၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ခမရ (၅၅၀) တပ်ရင်းကို သိမ်းယူခဲ့ပြီးနောက် ပုဏ္ဏားကျွန်းမြို့ကို သိမ်းယူလိုက်ကြောင်း AA က မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
ရခိုင်ဒေသက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲတွေအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရမ်းဗြဲ၊ တောင်ပြိုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ အပါအဝင် မြို့ကိုးမြို့ကို AA က သိမ်းပိုက်ထားပါတယ်။