ပုဏ္ဏားကျွန်း မြို့ပေါ်ရပ်ကွက်တွေ မီးရှို့ခံရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်မြို့ မြို့သစ်၊ အလယ်စု၊ ရွာသာယာစတဲ့ ရပ်ကွက်တွေနဲ့ တခြားရပ်ကွက်တချို့က နေအိမ်တွေဟာ ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းနဲ့ ဖေဖော်ဝါရီလ ၂၀ ရက် မနက်ပိုင်းတွေမှာ မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့အနီးက စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၅၀ က တပ်ဖွဲ့ဝင်တွေ ဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ညကစလို့ သူတို့ ဆင်းတိုက်တာ။ ပထမဆုံး ရွာသာယာကို တိုက်တယ်လို့သိရတယ်။ အခု မြို့သစ်နဲ့ အလယ်စုရပ်ကွက် အခြေအနေ အတော်ဆိုးနေပါတယ်။ မီးလောင်နေတုန်းပါ။ မြို့ထဲ တိုက်ပွဲဖြစ်တာ မရှိသေးပါဘူး။ ဒီအတိုင်း ဝင်ပြီးရှို့နေတာပါ။ တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး”

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းအထိ မီးလောင်နေပြီး ပျက်စီးဆုံးရှုံးတဲ့ နေအိမ် အရေအတွက်ကို မသိရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တယ် ဆိုတာနဲ့ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်ကလည်း ပုဏ္ဏားကျွန်း မြို့မဈေးထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ပုဏ္ဏားကျွန်းမြို့ပေါ်က ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြတာပါ။