ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာကို ဒီဇင်ဘာ ၃ ရက်ဒီနေ့ နေ့လယ်ပိုင်း စစ်ကောင်စီတပ်သား တစ်ရာကျော် ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဇက်သင်္ဘောနဲ့ ရောက်လာပြီး ရွာကို မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“၁၂ နာရီလောက်မှာ ဇက်သင်္ဘောတစ်စင်း ကမ်းကပ်တယ်။ စစ်သား တစ်ရာကျော်လောက်ပါတယ်။ သူတို့က ရွာထဲကိုဝင်လာတယ်။ ပြီးရင် သေနတ်တွေနဲ့ လှမ်းပစ်တယ်။ သူတို့ဝင်လာပြီး ငါးမိနစ်တောင်မကြာဘူး။ တစ်ရွာလုံး မီးခိုးထွက်တာ မြင်ရတယ်"
အိမ်ခြေဘယ်လောက် မီးလောင်သွားသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ရဲရိုးပြင်ရွာဟာ စစ်တွေမြို့နယ် ရွှေမင်းဂံဆိပ်ကမ်းရဲ့ တစ်ဖက်ကမ်းမှာရှိပြီး အိမ်ခြေ တစ်ရာကျော်ရှိပါတယ်။
ရွှေမင်းဂံဆိပ်ကမ်းမှာ ရပ်ထားတဲ့ စစ်ရေယာဉ်တချို့ကို မနေ့ညမှာ ရက္ခိုင့်တပ်တော် (AA) က လာရောက် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲအနည်းငယ် ဖြစ်ခဲ့တယ်လို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနေ့မှာတော့ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ရွာထဲကိုဝင်ပြီး အခုလို မီးရှို့သွားတာလို့ ဆိုပါတယ်။
ရဲရိုးပြင်ရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း ရဲရိုးပြင်ရွာနဲ့ ခမောင်းတောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ခု မီးလောင်ခဲ့ပါတယ်။