ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကျင်းပပြုလုပ်တဲ့ ၂၇၅၅ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့ ဖိတ်ကြားမှုကြောင့် တက်ရောက်ခဲ့တာ ဖြစ်တယ်လို့ KNU ဘားအံ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး ရှီးရှိုက ပြောပါတယ်။
"နှစ်သစ်ကူးပွဲတော်ကို လာပြီးတော့ သမ္မတကြီးက သြဝါဒမိန့်ခွန်းလာပြောတယ်၊ သူ့သက်တမ်း ၅ နှစ်မှာတစ်ခါမှ မရောက်လာဘူးပေါ့နော်၊ လာလည်တဲ့ သဘောပေါ့နော်၊ ကရင်ပြည်နယ်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေများ လာတာ ပေါ့နော်၊ နောက်ထပ်ကောင်းလာအောင်လဲ နိုင်ငံတော်အစိုးရအနေနဲ့ အများကြီး ဆောင်ရွက်သွားဖို့ ရှိတာပေါ့နော်၊ သူကမိန့်ခွန်းတိုတိုလေးပဲ၊ အရှည်ကြီးလဲမဟုတ်ဘူး"
ဘားအံမြို့ သီရိအားကစားကွင်းမှာ ပြုလုပ်တာဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာအပစ်ခတ် ရပ်စဲရေး NCA လက်မှတ်ရေး ထိုးပြီးနောက် ကရင်ပြည်နယ် ဘားအံမြို့ မှာကျင်းပတဲ့ ကရင်နှစ်ကူးပွဲတော်ကို တက်ရောက်လာတာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း ပြောပါတယ်။
အဲဒီကရင်နှစ်သစ်ကူးပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ ဥက္ကဌ မူးတူးစေးဖိုးတို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။