ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲ ဦးဆောင်ပါဝင်ခဲ့တဲ့သူ လေးဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ ဒီကနေ့ အမှုဖွင့်လိုက်ပါတယ်။
ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ဖို့ အစိုးရက ထုတ်ပြန်ထားတဲ့ (Stay at home) အမိန့်ကို ဖောက်ဖျက်ကျူးလွန်ခဲ့တာကြောင့် ပုသိမ်မြို့မရဲစခန်းမှူးက တရားလိုပြုလုပ်ပြီး အမှုဖွင့်လိုက်တာလို့ ပုသိမ်မြို့နယ် ကိုဗစ်ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရာဇာအေးက RFA ကို ပြောပါတယ်။
ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ အဲ့ဒီ တပ်မတော်ထောက်ခံပွဲကို ခွင့်ပြုချက် တင်ခဲ့တာကြောင့် လူဦးရေ ၂၉ ယောက်နဲ့ လုပ်ဖို့ ခွင့်ပြုပေးခဲ့ပေမယ့် ဆန္ဒပြတဲ့နေ့မှာ လူဦးရေသုံးရာကျော်လောက် ပါဝင်ခဲ့ပါတယ်။
"လက်ရှိ ကျနော်တို့ မြို့မှာ Stay at Home (မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရအမိန့်) လည်း ထုတ်ထားတယ်။ ပြီးတော့ တဝင်ငံလုံး အတိုင်းအတာတောင်မှ လူသုံးဆယ်ထက် မပိုရဘူး အမိန့်ထုတ်ထားတယ်။ ကျနော်တို့ မြို့နယ်ကလည်းStay at Home (မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရ အမိန့်) ရှိနေတဲ့အတွက် ကျနော်တို့က ပိုပြီးတော့ အရေးပါတာပေါ့။ ဒီပွဲအတွက် ငြိမ်းစုစီနဲ့ ခွင့်ပြုချက် တင်ထားပါတယ်။ တင်ထားပေမယ့်လည်း လူသုံးဆယ်ထက် ပိုပြီးတော့ လူသုံးရာလောက် ဖြစ်သွားတယ်။ သုံးရာလောက် ဖြစ်ပြီးတော့ လူစုစည်းသလို ဖြစ်သွားတော့ ဒါဟာ ဥပဒေနဲ့ မညီဘူး။ သဘာဝဘေးအန္တရာယ် ကျရောက်မယ့် အခြေအနေ ဖြစ်နိုင်တာကို သိလျှက်နဲ့ ကျူးလွန်တယ်။ ဒီအတွက် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အရေးယူဖို့ တင်ပြတာပါ'' လို့ ပုသိမ်မြို့နယ် ကိုဗစ်ကာကွယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရာဇာအေးက RFA ကို ပြောပါတယ်။
တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြကြတဲ့သူ အများစုဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ ဖြစ်ကြပါတယ်။ တရားစွဲခံရသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့ကြောင်း တပ်မတော်ရဲ့ စွပ်စွဲပြောဆိုချက်ကို ထောက်ခံတဲ့အနေနဲ့ ဆန္ဒပြသူတွေဟာ ဥပဒေနဲ့ မညီတဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ မဲခိုးမှုများ စစ်ဆေးပေး၊ မတရားပြုကျင့်တဲ့ မဲရလဒ် အလိုမရှိ၊ မဲခိုးသူများ အမှန်တရား ဝန်ခံရေး စတဲ့ ဆောင်ပုဒ်တွေကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
အခု ဆန္ဒပြဦးဆောင်သူ လေးဦး တရားစွဲခံရတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဟာ ကပ်ရောဂါကာလအတွင်း လူစုလူဝေး လုပ်သူတွေကို အရေးယူတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်ပါ ချမှတ်နိုင်ပါတယ်။