ကုလကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ထားဖို့ ဆန္ဒပြ

ကုလသမဂ္ဂရဲ့ (၇၇) ကြိမ်မြောက် အထွေထွေညီလာခံမှာ သံအမတ် ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ မကွေးတိုင်း ဆောမြို့နယ်မှာ စက်တင်ဘာလ ၅ ရက် ဒီကနေ့ ဒေသခံတွေဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ ဒေသခံလူဦးရေ တစ်ထောင်နီးပါး ပါဝင်ခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

" ဒီကနေ့ ဆန္ဒပြတောင်းဆို မှုကတော့ ပြည်သူလက်ခံတဲ့ အစိုးရနဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက အသိအမှတ်ပြု လက်ခံဖို့ပါပဲ၊ ဒေသခံ အင်အား ကတော့ ၁၀၀၀ နီးပါး ပါတယ်၊ ကျနော်တို့ကို ယောကာ ကွယ်ရေးတပ်တွေက လုံခြုံရေး ယူပေးတယ်"

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဒေသခံတွေကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ လူထုသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ တေဇာဆန်းတို့က အွန်လိုင်းကနေ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်မှာ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်အကြီးအကဲတွေ တက်ရောက်မယ့် ညီလာခံ ကျင်းပဖို့ရှိပါတယ်။ အဲဒီမတိုင်ခင် ကုလသမဂ္ဂ ကိုယ်စားလှယ်စိစစ်ရေး ကော်မတီက မြန်မာနိုင်ငံအတွက် ဘယ်သူ့ကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာကို ဆုံးဖြတ်ပေးရမှာပါ။ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာတော့ အဲဒီကော်မတီဟာ မြန်မာကိုယ်စားလှယ်စိစစ်ရေးကို ဆိုင်းငံ့ခဲ့တာကြောင့် ဦးကျော်မိုးထွန်းကပဲ ကိုယ်စားပြုခွင့် ဆက်ရနေတာဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ် ထားရှိရေးအပေါ် အဆုံးအဖြတ်ပေးမယ့်ကိစ္စဟာ ကုလသမဂ္ဂနဲ့ စစ်ကောင်စီအကြား ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်မှာ ပထမဆုံး ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ သြဂုတ်လ ၁၇ ရက် တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။