ပုလောမြို့နယ် ပစ်ခတ်မှုအတွင်း ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် တပိုကျေးရွာအနီးမှာ အောက်တိုဘာ ၁၂ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီ တပ်သားတွေလိုက်ပါလာတဲ့ ယာဉ်တန်းကိုးစီး မိုင်းဆွဲတိုက်ခိုက် ခံရရာကနေ လက်နက်ငယ်တွေနဲ့ အနီးအနားကို ပြန်လည်ပစ်ခတ်လို့ ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒဏ်ရာရတဲ့ တစ်ယောက်ကိုတော့ အရေးပေါ်ကားနဲ့ သယ်သွားတယ်။ မိုင်းဆွဲခံရပြီး တော့ အနီးနားက နေရာတွေကို လက်နက်တွေနဲ့ပစ်တော့ ဒေသခံလေးဦးလောက် ထိခိုက်ဒဏ်ရာရသွားတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုလောမြို့ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ တပိုကျေးရွာမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦး၊ ဇရပ်ဆိပ် ကျေးရွာမှာနေထိုင်တဲ့ ဒေသခံနှစ်ဦးနဲ့ ပလကျေးရွာမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ကားတစ်စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်မှုကို ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ တောကြီးမြွေဟောက် (King Cobra) အဖွဲ့က လုပ်ဆောင်ခဲ့တာ လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခရိုင်တာဝန်ခံက RFA ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် တပို၊ ဇရပ်ဆိပ်၊ မိန်းမမြို့၊ ဘိုင်းပြင်၊ မင်းပြင် နဲ့ ပလကျေးရွာတွေက နေအိမ် အလုံး ၃၀ လောက် ထိခိုက်ပျက်စီးခဲ့တယ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အောက်တိုဘာ ၁၃ ရက် ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။