မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုအားလုံးကို ရောင်းချပြီးဖြစ်ကြောင်း Puma Energy ကုမ္ပဏီက အောက်တိုဘာလ ၅ ရက် မနေ့က ထုတ်ပြန်ကြေညာပါတယ်။
ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Trafigura ကုမ္ပဏီရဲ့ စွမ်းအင်ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Puma Energy ဟာ အခုနှစ်အစောပိုင်း ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက် ထွက်ရှိလာပြီး နောက် မနေ့က အခုလိုကြေညာခဲ့တာပါ။
Puma Energy ဟာ Puma Energy Asia Sun(PEAS) နဲ့ National Energy Puma Aviation Services(NEPAS) မှာရှိနေတဲ့ ကုမ္ပဏီရှယ်ယာအားလုံးကို ပြည်တွင်းပိုင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုထံ ရောင်းချဖို့ သဘောတူလက်မှတ်ထိုးခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PEAS၊ NEPAD နဲ့ Puma Energy တို့ဟာ ၂၀၁၅ ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံကို လေယာဉ်ဆီအဓိက တင်သွင်းနေတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လေယာဉ်ဆီတင်သွင်းတာကို ရပ်ဆိုင်းပေးဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက Puma Energy ကို တောင်းဆိုခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် Puma Energy ဟာ လေယာဉ်ဆီ တင်သွင်းတာကို ရပ်ဆိုင်းခဲ့ပေမယ့် ကုမ္ပဏီနဲ့ အရပ်ဘက် သုံးဖို့အတွက် ရည်ရွယ်ပြီး လုပ်ငန်းပြန်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။